ဂျေရုစလင် စက်တင်ဘာ ၃၀

ဒူဘိုင်းကနေ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကို ပျံသန်းနေတဲ့ flydubai FZ1073 လေယာဉ်ဟာ ပုံမှန်ခရီးစဉ်တစ်ခုအဖြစ် စတင်ခဲ့ပေမယ့် လေယာဉ်ပေါ်မှာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားပြီးနောက် ဆော်ဒီအာရေးဘီးယားနိုင်ငံ တာဘွတ် လေဆိပ် ကို လမ်းကြောင်းပြောင်း အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်မောင်းနှစ်ဦးကြား ကိုယ်ထိလက်ရောက် ရန်ဖြစ်မှု ဖြစ်ပွားခဲ့ပြီးနောက် အရေးပေါ် အချက်ပြမှုတွေ ပေးပို့ခဲ့တာလို့ အစ္စရေး အရာရှိ တစ်ဦးကဆိုပါတယ်။ လေယာဉ်ဟာ ပထမဆုံး အထွေထွေ အရေးပေါ်အချက်ပြမှုကို ပေးပို့ခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာ လေယာဉ်ကို တရားမဝင် ဝင်ရောက်စွက်ဖက်မှု ဖြစ်နိုင်ကြောင်း ညွှန်ပြတဲ့ အချက်ပြမှုတစ်ခုကိုပါ ပေးပို့ခဲ့ပါတယ်။

ဒါပေမယ့် အစ္စရေးဘက်ကတော့ လေယာဉ်ပြန်ပေးဆွဲမှုလို့ မယူဆထားဘူးလို့ ပြောပါတယ်။

ပိုပြီး ထိတ်လန့်စရာကောင်းတာက အရေးပေါ်အချက်မပြခင် လေယာဉ်ဟာ စက္ကန့် ၃၀ မပြည့်ခင် အမြင့်ပေ ၁၄,၀၀၀ နီးပါး ရုတ်တရက်နိမ့်ဆင်းခဲ့တာ ဖြစ်ပါတယ်။

ခရီးသည်တစ်ဦးရဲ့ မိခင်ကလည်း သမီးဖြစ်သူဆီက ပြောဆိုချက်အရ လေယာဉ်ပေါ်မှာ အော်ဟစ်သံတွေကြားခဲ့ရပြီး ဓားကိုင်ထားသူတစ်ဦးက လေယာဉ်မောင်းတစ်ဦးကို ကြမ်းပြင်ပေါ် လှဲချထားတာနဲ့ သွေးတွေကို မြင်ခဲ့ရတယ်လို့ ပြောပါတယ်။

ဒီခရီးသည်ရဲ့ ပြောဆိုချက်ကိုတော့ ရိုက်တာသတင်းဌာနက သီးခြား အတည်မပြုနိုင်သေးပါဘူး။

နောက်ဆုံးမှာ Boeing 737 လေယာဉ်ဟာ တာဘွတ် လေဆိပ်ကို ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး ခရီးသည်အားလုံး ဘေးကင်းကြောင်း flydubai က အတည်ပြုထားပါတယ်။

လေကြောင်းလိုင်းက ဖြစ်စဉ်အသေးစိတ်ကိုတော့ မထုတ်ပြန်သေးဘဲ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒူဘိုင်းကနေ တဲလ်အဗစ် သွားတဲ့ ပုံမှန်လေယာဉ်ခရီးစဉ်တစ်ခုက လေယာဉ်မောင်းနှစ်ဦးကြား ဖြစ်ရပ်ကြောင့် ဆော်ဒီမှာ အရေးပေါ်ဆင်းသက်ရတဲ့အထိ ဖြစ်သွားခဲ့တာကြောင့် ဒီဖြစ်စဉ်ဟာ လက်ရှိမှာ အာရုံစိုက်ခံနေရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.