မော်လမြိုင်၊ အောက်တိုဘာ ၁

လေကြောင်းဗုံးကြဲခံမှုဟာ တပ်ပြေးတွေနဲ့ ရန်သူဘက်ထံ ဘက်ပြောင်းခိုလှုံသူတွေရဲ့ သတင်းပေးထွက်ဆိုချက်တွေကြောင့် ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အထူးတိုင်းစစ်ဌာနချုပ်က သတင်းထုတ်ပြန်လာပါတယ်။

မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်မှာရှိတဲ့ NUG အထူးတိုင်းစစ်ဌာနချုပ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးလေးလုံး လာရောက်ကြဲချသွားတာပါ။

လေကြောင်းဗုံးကြဲခံရမှုကြောင့် CDM တပ်ကြပ်ကြီး ဆရာကြီးနေဝင်းအောင်နဲ့၊ တိုင်းစစ်ဌာနလုံခြုံရေးတပ်ဖွဲ့ဝင် ရဲဘော် နှစ်ဦး၊ ဆက်သွယ်ရေး ရဲဘော် နှစ်ဦး၊ စုစုပေါင်း ငါးဦး ကျဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလေကြောင်းဗုံးကြဲမှုဟာ တပ်ပြေးနဲ့နှုတ်ထွက် ရဲဘော်တွေ စစ်တပ်ထံ ပြန်လည်ဖမ်းဆီးရမိပြီးနောက် သူတို့ရဲ့ စစ်ဆေးထွက်ဆိုချက်တွေ၊ ဘက်ပြောင်းခိုလှုံသွားသူတွေရဲ့ သတင်းပေးထွက်ဆိုချက်တွေကြောင့် ဖြစ်တယ်လို့ NUG အထူးတိုင်းစစ်ဌာနချုပ်က ဆိုထားပါတယ်။

NUG အထူးတိုင်းစစ်ဌာနချုပ်ကတော့ အာဏာသိမ်း စစ်တပ်ဟာ PDF ရဲဘော်တွေ အချင်းချင်းဖြစ်စေ၊ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေ ယုံကြည်မှုကင်းမဲ့ကာ အချင်းချင်းသွေးကွဲစေရန် ဝါဒဖြန့်ချီလျက်ရှိတာကြောင့် ပြည်သူတွေအနေနဲ့ ဖြစ်စဉ်အမှန် သိရှိနိုင်အောင် ထုတ်ပြန်ရတာလို့ အသိပေးထားပါတယ်။

စစ်တပ် အသွင်ပြောင်း အစိုးရကတော့ NUG အထူးတိုင်း စစ်ဌာနချုပ်ကို အတွင်းသတင်းပေးမှုကြောင့် လေကြောင်းကနေ ချေမှုန်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ စက်တင်ဘာ ၂၆ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ အကျယ်တဝင့်ဖော်ပြခဲ့ပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG မှာ တိုင်းစစ်ဌာန ၁၀ ခု နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ဗုံးကြဲခံရတဲ့ အထူးတိုင်းစစ်ဌာနဟာ မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ပဲခူတိုင်းတို့မှာ အဓိက စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.