ထားဝယ်၊ အောက်တိုဘာ ၁
တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းမှာ တောင်မြေပြိုမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး အရေးပေါ် ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် TNF က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းအထိ အချက်အလက်တွေအရ ထားဝယ်ခရိုင်မှာ ရေကြီးတောင်မြေပြိုမှုကြောင့် သေဆုံးသူ ၃၂ ဦးအထိ ရှိလာပြီး နေအိမ် ၃၀၀ ထက်မနည်း ပျက်စီးထားပါတယ်။
လက်ရှိမှာလည်း လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တို့မှာ ရေကြီးမှုနဲ့တောင်ပြိုမှုတွေကြောင့် သောက်သုံးရေ အရင်းအမြစ်တွေ ပျက်စီးညစ်ညမ်းနေပြီး သန့်ရှင်းတဲ့ သောက်သုံးရေ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေအိမ်တွေနဲ့ လူနေမှုဘဝ ပျက်စီးဆုံးရှုံးခဲ့တဲ့သူတွေအတွက် အမိုးအကာ၊ အိမ်အသုံးအဆောင်ပစ္စည်းတွေ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အရေးပေါ် လိုအပ်နေပါတယ်။
ထားဝယ်ခရိုင်အတွင်းမှာ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းကစလို့ မိုးသည်းထန်စွာ ရွာသွန်းမှုမရှိတော့ဘဲ ဒေသအများစုမှာ ရေတွေ ပြန်လည်ကျဆင်းလာပေမယ့် အချို့ဒေသတွေမှာ ရေကြီးရေလျှံနဲ့ တောင်ပြိုမှုများ ဆက်လက်ဖြစ်ပွားနေတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် TNF က ပြောပါတယ်။
ဒါ့အပြင် ပျောက်ဆုံးနေသူ ဒါဇင်နဲ့ချီရှိနေဆဲဖြစ်ပြီး ကား၊ ဆိုင်ကယ်၊ စက်ယန္တရားတွေနဲ့တိရိစ္ဆာန်တွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပြီး ဆက်သွယ်ရေးနဲ့လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်း ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။
ရေကြီးရေလျှံမှုနဲ့တောင်ပြိုမှုတွေကြောင့် မြေသားတွေ ရွေ့လျားတာ၊ ရေစီးကြောင်းတွေ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်လာတာကြောင့် မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ သတိပြုကြဖို့ TNF က သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

