စစ်ပွဲအဆုံးသတ်ရေး အီရန်ရဲ့ အဆိုပြုချက်ကို အမေရိကန် တရားဝင် တုံ့ပြန်

တီဟီရန် စက်တင်ဘာ ၃၀

အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အီရန်ဘက်က တင်ပြထားတဲ့ အဆိုပြုချက်အပေါ် အမေရိကန်ရဲ့ တရားဝင် တုံ့ပြန်ချက်ကို လက်ခံရရှိပြီလို့ အီရန်အစိုးရက စက်တင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး အာဘတ်အာရက်ချီက အမေရိကန်ရဲ့ တုံ့ပြန်ချက်ကို သမ္မတ မာဆောက် ပီဇက်ခီယန်ထံ တင်ပြခဲ့ပေမယ့် အသေးစိတ်အကြောင်းအရာကိုတော့ ထုတ်ဖော်မပြောသေးပါဘူး။

ခုနစ်လခန့် ကြာမြင့်လာပြီဖြစ်တဲ့ ပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် အမေရိကန်နဲ့ အီရန်တို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ကာတာရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ သွယ်ဝိုက် ဆွေးနွေးမှုတွေ ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။

အီရန်ရဲ့ အဆိုပြုချက်မှာ ဟောမု့ဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးရေးနဲ့ ဆက်စပ်ပြီး အရှေ့အလယ်ပိုင်းတဝန်း တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့၊ အီရန်ဆိပ်ကမ်းတွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှု ရုပ်သိမ်းဖို့၊ ပြည်ပမှာ ထိန်းချုပ်ထားတဲ့ အီရန်ပိုင်ငွေကြေးတွေ ပြန်လည်အသုံးပြုခွင့်ပေးဖို့နဲ့ ရေနံကဏ္ဍဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ရဲ့ မူလအဆိုပြုချက်ကို ပယ်ချခဲ့ပေမယ့် သံတမန်ရေး ဆွေးနွေးမှုတွေ ဆက်လုပ်နိုင်မယ့် အလားအလာကိုတော့ လုံးဝပိတ်ထားခြင်းမရှိပါဘူး။ လက်ရှိဆွေးနွေးမှုမှာ အဓိကကွာဟချက်တစ်ခုက သဘောတူညီချက်ပါ အဆင့်တွေကို ဘယ်ဘက်က အရင်စတင်အကောင်အထည်ဖော်မလဲဆိုတဲ့ အစီအစဉ်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

လက်ရှိမှာ အမေရိကန်ရဲ့ တရားဝင် တုံ့ပြန်ချက်အပေါ် အီရန်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မသိရသေးဘဲ စစ်ပွဲရပ်တန့်ရေးနဲ့ ဟောမု့ဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး ဆွေးနွေးမှုတွေ ဆက်ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.