မော်လမြိုင်၊ စက်တင်ဘာ ၃၀

မွန်ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားတွေကို စာရင်းမှတ်စနစ်နဲ့ စက်သုံးဆီ ရောင်းချပေးမယ်လို့ စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက ပြောပါတယ်။

မနေ့ စက်တင်ဘာ ၂၉ ရက်နေ့က ပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နိုင်စံတင်ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

မေးခွန်းရှင် လွှတ်တော် အမတ် နိုင်စံတင်က မိုးစပါးရိတ်သိမ်းချိန်ကာလမှာ စပါးရိတ်သိမ်းတာ၊ သယ်ဆောင်တဲ့ လုပ်ငန်းတွေ အဆင်ပြေစေဖို့ တောင်သူလယ်သမားတွေကို စက်သုံးဆီ ရောင်းချပေးမှု စီမံချက်နဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့တာပါ။

ဒီမေးခွန်းကို ဝန်ကြီး ဦးဇေယျာဦးက မိုးစပါးရိတ်သိမ်းခြွေလှေ့မယ့် ဧက ၆ သိန်းကျော်အတွက် စက်သုံးဆီ ဂါလံ ၁၈ သိန်း၊ နွေးစပါးထွန်းယက်မှု ဧက ငါးသောင်းအတွက် ဂါလံ တစ်သိန်းခွဲ ရောင်းချပေးနိုင်ဖို့ စီမံဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ဝန်ကြီး ဦးဇေယျာဦးရဲ့ ဖြေကြားချက်အရ တောင်သူလယ်သမားတွေဟာ လယ်တစ်ဧကလျှင် ၃ ဂါလံနှုန်းနဲ့ ဒေသအလိုက် စက်သုံးဆီ အရောင်းဆိုင်တွေမှာ စက်သုံးဆီ ဝယ်ယူနိုင်ပါတယ်။

ဒါပေမယ့် တောင်သူလယ်သမားတွေဟာ စက်သုံးဆီ ဝယ်ယူခွင့် ရရှိရေးအတွက် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူးအထိ ထောက်ခံစာတွေ ရယူနေရပြီး လိုသလောက် ဝယ်ယူလို့ မရတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။

စက်သုံးဆီ ရောင်းချပေးရာမှာလည်း စစ်အစိုးရက ပုံစံ ၇ ထွက်ရှိထားတဲ့ လယ်မြေတွေကိုသာ စက်သုံးဆီ ရောင်းချပေးနေတာကြောင့် ကုန်စိမ်းစိုက်ပျိုးတဲ့ တောင်သူတွေဟာ စက်သုံးဆီကို မှောင်ခိုဈေးကွက်မှာ အဆမတန် ပေးပြီး ဝယ်ယူစိုက်ပျိုးနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.