ကျိုက်ထို၊ စက်တင်ဘာ ၃၀

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အခုလ စက်တင်ဘာနောက်ဆုံးအပတ်အတွင်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ စက်တင်ဘာ ၂၂ ရက်နေ့ကနေ စက်တင်ဘာ ၂၉ ရက်နေ့အထိ ကျိုက်ထိုမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်၊ အသေခံဒရုန်းနဲ့တိုက်ခိုက်မှု ငါးကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၁၂ ကြိမ်ထက်မနည်း ပြုလုပ်ထားပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ငှက်ပျောတောကျေးရွာ အသက် ၅၈ နှစ်အရွယ် ဒေါ်ပယ်သီခိုင်၊ ကညင်းအိုင်ကျေးရွာက အသက် ၃၅ နှစ်အရွယ် ရော်ဘာခြံလုပ်သား ကိုသန်းစိုးတို့ နှစ်ဦး ထိမှန်သေဆုံးထားပြီး ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုဟာ တိုက်ပွဲမရှိဘဲ အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ နေ့စဉ်ရက်ဆက် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၀ ထက်မနည်းက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်နေရပြီး စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အာဆီယံ ဘုံသဘောတူညီချက်ကို လိုက်နာဆောင်ရွက်မှု မရှိဘဲ နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့ အရပ်သားပြည်သူတွေအပေါ် လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲတာ၊ ဖမ်းဆီးသတ်ဖြတ်တာနဲ့ စစ်ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့ KNU ဗဟိုက အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.