နေပြည်တော် ၊ အောက်တိုဘာ ၁
ဝေဖန်မှုတွေကြောင့် ကိုယ်တိုင်ခန့် သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်နဲ့ အစားထိုးခန့်အပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးကို အတည်ပြုပေးနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းလာတယ်လို့ စစ်အစိုးရထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ သမ္မတဆီက ပေးပို့ထားတဲ့ ပြည်ထဲရေးဝန်ကြီးကိစ္စနဲ့ပတ်သက်ပြီး သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီက အဆိုတင်သွင်းခဲ့တာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို စစ်ဘက်မူလတာဝန်တွေကို ပြန်လည်ထမ်းဆောင်စေပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့တာပါ။
ဒါဟာ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လက်မှတ်နဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်ကို ထုတ်ပြန်ပြီး ပြည်ထဲရေးဝန်ကြီးကို အစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအပေါ် ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်ကို မယူဘဲ တိုက်ရိုက်ခန့်အပ်တဲ့အပေါ် ဝေဖန်သံတွေ ဆူညံခဲ့တာ ဖြစ်ပါတယ်။
ဦးခင်မောင်ရီက ပြည်ထဲရေးဝန်ကြီးဌာနဟာ နိုင်ငံတော် လုံခြုံရေးနဲ့ အများပြည်သူအေးချမ်းသာယာရေးဆိုင်ရာလုပ်ငန်းကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ လတ်တလောလိုအပ်ချက်အရ လွှတ်တော်အစည်းအဝေးရပ်နားထားချိန်မှာ အဲဒီအမိန့်ကို ထုတ်ပြန်တာလို့ ဆိုပါတယ်။
အမိန့်ထုတ်ပြန်ချက်မှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၂ (က) နဲ့ (ခ) တို့အပြင် ပုဒ်မ ၂၃၂ (ခ) နဲ့ ပုဒ်မခွဲ (၃) တို့အရ ပြည်ထဲရေးဝန်ကြီး အစားထိုးခန့်အပ်တာနဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ကို ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။
ပုဒ်မ ၂၁၂ (က) အရ သမ္မတက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ခုနဲ့ တစ်ခုအကြား ချက်ချင်းအရေးယူဆောင်ရွက်ဖို့ လိုအပ်တဲ့ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေအတွက် ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်ကို ထုတ်ပြန်ခွင့်ရှိတယ်လို့ ဖော်ပြထားတာပါ။
ဒါ့အပြင် ပုဒ်မ ၂၃၂ ပုဒ်မခွဲ (၃) အရ သမ္မတက ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေအပြင် အခြားဝန်ကြီးဌာနတွေမှာ တပ်မတော်သားတွေကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုရင် တပ်ချုပ်နဲ့ ညှိနှိုင်းရမှာပါ။
ဒီအပေါ် တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဆီက အမည်စာရင်း ပေးပို့ထားခြင်း ရှိ မရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းတဲ့ ဦးခင်မောင်ရီက ရှင်းလင်းတင်ပြသွားတာ မတွေ့ရပါဘူး။
ဒါပေမယ့် ဦးမင်းအောင်လှိုင်ရဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့် ထုတ်ပြန်ချက်ကို ကိုးကားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ (ခ) နဲ့ ပုဒ်မခွဲ (၃) တို့နဲ့အညီ ပြည်ထဲရေးဝန်ကြီးကို ခန့်အပ်တာလို့ပဲ ပြောကြားထားတာပါ။
ဒီလိုမျိုး အနေအထားဟာ လွှတ်တော်နဲ့ အစိုးရအပြင် စစ်တပ်ထဲမှာပါ အကွက်ရွှေ့နိုင်အောင် စီမံထားတာဖြစ်လို့ တစ်ဦးတည်း အာဏာရှင်ပုံစံနဲ့ ကိုင်တွယ်နေတာ မြင်သာတယ်လို့ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က သုံးသပ်ပါတယ်။
“မင်းအောင်လှိုင်က အာဏာကို လက်ရှိ ကိုင်ထားတဲ့ သူဖြစ်တဲ့အတွက် လက်တွက်ခြေတွက်နဲ့ လှုပ်နိုင် ကစားနိုင် ရွှေ့နိုင်တယ်ပေါ့။ ပြောရမယ်ဆိုရင် ကစားကွက်ကို သူက ဦးအောင် ရွှေ့ထားနိုင်တဲ့အတွက် လွှတ်တော်ထဲမှာရော အစိုးရထဲမှာရော ပြီးတော့ စစ်တပ်ထဲမှာပါ သူ့ကို ဘာမှ ပြန်မပြောနိုင်အောင် သူ့လူတွေနဲ့ အားလုံးစီမံထားတာ ဖြစ်တဲ့အတွက် ဒီလိုမျိုး တစ်ဦးတည်း အာဏာရှင်ပုံစံမျိုးနဲ့ သွားနေတာ ဖြစ်တယ်။ တကယ်တမ်းတော့ စစ်တပ်ရဲ့ တရားဝင် (တပ်ချုပ်) ရာထူးကို စွန့်လွှတ်လိုက်ပေမယ့် နောက်ကွယ်ကနေပြီး စစ်တပ်ကိုရော အစိုးရ လွှတ်တော်နဲ့ တိုင်းပြည်ရဲ့ အာဏာသုံးရပ်လုံးကို သူပဲ ကိုင်တွယ်ထားတယ်ဆိုတာ မြင်သာပါတယ် ”လို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းပြီး လုပ်ထုံးလုပ်နည်း အဆင့်ဆင့်နဲ့ နိုင်ငံတော်သမ္မတက ခန့်အပ်တာဖြစ်ပါတယ်။
တပ်ချုပ်က ပြည်ထဲရေးဝန်ကြီးနေရာအတွက် အမည်စာရင်းကို သမ္မတထံ ပေးပို့ပြီး အဲဒီကနေ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြရပါတယ်။ အမည်စာရင်းတင်သွင်းထားတဲ့ ပြည်ထဲရေးဝန်ကြီးကို ကန့်ကွက်မယ့်သူ မရှိရင် လွှတ်တော်က အတည်ပြုပေးရတာ ဖြစ်ပါတယ်။
လက်ရှိ ပြည်ထဲရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းတဲ့အပေါ် ကန့်ကွက်မှု မရှိရင် ခန့်အပ်ဖို့ သဘောတူကြောင်း ကြေညာတာ ဒါမှမဟုတ် ကန့်ကွက်လိုရင် ကန့်ကွက်ကြောင်း အဆိုတင်သွင်းမှုကို လာမယ့် အောာက်တိုဘာ ၆ ရက်နေ့မှာ လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကက အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

