တီဟီရန်၊ စက်တင်ဘာ ၂၈
အီရန်နဲ့ အမေရိကန်ကြား ပဋိပက္ခကို ညှိနှိုင်းဆွေးနွေး အဖြေရှာမှုနဲ့ပဲ အဆုံးသတ် နိုင်မှာ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး အဆိုပြုချက်ကို သမ္မတ ဒေါ်နယ် ထရန့်က လူသိရှင်ကြား ပယ်ချလိုက်ပြီးနောက် အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အီရန်ရဲ့ အဆိုပြုချက်ကို လက်မခံနိုင်ကြောင်းနဲ့ ရေလက်ကြား စီးပွားဖြစ် သင်္ဘော လမ်းကြောင်းကို ၇ ရက်အတွင်း ပြန်ဖွင့်ပြီး သဘောတူညီမှု ရယူလိုနေတာက သူတို့ ဆိုးဆိုးရွားရွား ရှုံးနေတာကြောင့် ဖြစ်တယ်လို့ ထရန့်က အိမ်ဖြူတော်မှာ ပြောဆိုထားပါတယ်။
တယ်လီဂရမ်မှာ ဖော်ပြထားတဲ့ ပို့စ် တစ်ခုမှာ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ထရန့်ရဲ့ ပယ်ချမှုကို သိရှိထားပြီး ဖြစ်ပေမယ့် အမေရိကန်ရဲ့ တရားဝင် တုံ့ပြန်မှုကို အီရန်က အပြီးသတ် စောင့်ဆိုင်းမှာ ဖြစ်ကြောင်း ပြောထား ပါတယ်။
ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး သတ်မှတ်ချက်တွေဟာ အမေရိကန်နဲ့ အီရန်ကြား ဇွန်လက လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာပါ သတ်မှတ်ချက်တွေနဲ့ အတူတူပဲ ဖြစ်တယ်လို့ ဝန်ကြီး အာရက်ချီက ဆိုတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်က နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ပြင်ပမှာ ညှိနှိုင်း ဆွေးနွေးမှုတွေအတွင်း ရန်လို တိုက်ခိုက်မှုတွေ အဆုံးသတ်ရေး ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး ကိစ္စကို တင်ပြဆွေးနွေးခဲ့တယ်လို့ အီရန်က ပြောပါတယ်။
ကမ္ဘာကြီးရဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံ ငါးပုံတစ်ပုံ စီးဆင်းနေတဲ့ အဲဒီ ရေလက်ကြားဟာ ဖေဖော်ဝါရီက စစ်ပွဲ စတင်ပြီး နောက်ပိုင်း လုံးဝ ပိတ်ဆို့ခံထားရပါတယ်။
အမေရိကန်နဲ့အီရန်ကြားက သဘောတူညီမှုကို ပယ်ချကြောင်း ထရန့်က စက်တင်ဘာ ၂၆ ရက်မှာ ပြောထားပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို အမေရိကန်က အလုံးစုံ ထိန်းချုပ်ထားပြီး ဖြစ်ကြောင်းနဲ့ ရေနံ အများအပြား ဖြတ်သန်းနေကြောင်း သူက ဖြည့်စွက် ပြောဆိုပါတယ်။
ဒါပေမဲ့ အဲဒီ ရေလက်ကြားကို ရေနံတင် သင်္ဘောတွေ မဖြတ်သန်းနိုင်တာကြောင့် ကမ္ဘာတဝှမ်း လောင်စာ ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနေပါတယ်။
သီးခြားအနေနဲ့ အီရန် သမ္မတ မာဆောက် ပီဇက်ခီယန်က အခုစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ မယုံကြည်မှုကို ကျော်လွှားပြီး အောင်မြင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။
ရှေ့မဆက်နိုင် ဖြစ်နေတာတွေကို အဆုံးသတ်ရေး နားလည်မှု စာချွန်လွှာကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးမှုများ ပြုလုပ်ရေး အီရန်က လမ်းဖွင့်ထားတယ်လို့ အီရန် သမ္မတ ကဆိုပါတယ်။
ဖေဖော်ဝါရီလက ဖခင်ဖြစ်သူ သေဆုံးခဲ့တဲ့ အမေရိကန် တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ အီရန် ထိပ်တန်း ခေါင်းဆောင် အသစ် မိုဂျ်တာဘာ ခါမေနီကို နောက်ပိုင်း လူမြင်ကွင်းမှာ မတွေ့ရတာ ကြာနေပြီ ဖြစ်ပါတယ်။
ထိပ်တန်းခေါင်းဆောင်နဲ့ နှစ်ကြိမ် တွေ့ခဲ့တယ်လို့ ပြောဆိုထားတဲ့ ပီဇက်ခီယန်က ကျန်းမာရေး ပြဿနာတွေနဲ့ စိန်ခေါ်မှုတွေက ဆွေးနွေးမှုတွေကို ရပ်တန့်ဖို့ မဖြစ်စေနိုင်ခဲ့ဘူးလို့ ပြောပါတယ်။
အီရန်၊ ယူအေအီးနဲ့ အိုမန် ကြားမှာ တည်ရှိတဲ့ ဟောမု့ဇ် ရေလက်ကြားနဲ့ ယီမင်နဲ့ အာဖရိက ဦးချို ဒေသကြား တည်ရှိတဲ့ ဘက် အယ်လ်မန်ဒက် ရေလက်ကြားတို့ ပိတ်ဆို့ခံထားရတာကြောင့် ကမ္ဘာ့ လောင်စာဈေး အဆမတန် မြင့်တက်နေပါတယ်။
Ref:BBC

