ကိဗ်၊ စက်တင်ဘာ ၂၆
Patriot ဒုံးကျည် ထုတ်လုပ်ရေး ယူကရိန်းကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ခွင့်ပြုမှာ ဖြစ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စက်တင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
ရုရှားရဲ့ အညှာအတာမဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ကာကွယ်ရေး ယူကရိန်း ခက်ခက်ခဲခဲ ကြိုးပမ်းနေရချိန်မှာ ဒါက ကိဗ်အစိုးရရဲ့ အဓိက တောင်းဆိုမှု တစ်ခု ဖြစ်ပါတယ်။
ခိုင်မာတဲ့ သဘောတူညီမှု တစ်ရပ်ရှိတယ်လို့ ဇီလန်စကီးက သတင်းထောက်တွေကို ပြောပါတယ်။
မိမိတို့ရဲ့ နောက်ဆုံး တွေ့ဆုံမှုအတွင်း အပြီးသတ် ဆုံးဖြတ်ချခဲ့ပြီး Patriot ဒုံးကျည်တွေ ထုတ်လုပ်ဖို့ ယူကရိန်းဟာ လိုင်စင်ရရှိမှာ ဖြစ်တယ်လို့ သမ္မတ ထရန့်က အလေးထား ပြောကြားခဲ့ကြောင်း ဇီလန်စကီးက ပြောပါတယ်။
သူတို့နှစ်ယောက်ဟာ အခု သီတင်းပတ် နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ပြင်ပမှာ တွေ့ဆုံခဲ့ကြတာပါ။
အဲဒီ တွေ့ဆုံမှုအတွင်း ဇီလန်စကီးက ရုရှား သမ္မတ ပူတင်ဟာ သည်းခံစိတ် လုံးဝရှိသူ မဟုတ်ဘဲ သူ့ကို လွတ်လပ်လတ်လပ် ပိုလှုပ်ရှားခွင့်ပေးလေလေ ကမ္ဘာကြီးဟာ လူအယောက်စီတိုင်းအတွက် အန္တရာယ် ပိုများလာမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကြားဖြတ် ပစ်ချရေး Patriot ဒုံးကျည်တွေ ထုတ်လုပ်ဖို့ ယူကရိန်းကို ခွင့်ပြုရေး သူ့ရဲ့ ကတိကို ထရန့်က အကောင်အထည် ဖော်မှာလား ဆိုတဲ့ မေးခွန်း ယူကရိန်းမှာ ထွက်ပေါ်နေတာ လများစွာ ကြာနေပြီ ဖြစ်ပါတယ်။
အဲဒီ အဆင့်မြင့် ဒုံးဖျက် ဒုံးကျည်တွေ ကိုယ်တိုင် ထုတ်လုပ်နိုင်ရင် ပဲ့ထိန်း ဒုံးကျည်တွေနဲ့ ရုရှားရဲ့ အညှာအတာမဲ့ တိုက်ခိုက်မှုတွေကို ကြားဖြတ် ပစ်ချတားဆီးနိုင်မယ်လို့ ယူကရိန်းက မျှော်လင့်ထားတာ ဖြစ်ပါတယ်။
ယူကရိန်းအနေနဲ့ ဒုံးကျည်များ ထုတ်လုပ်ခွင့်ရမှာ ဖြစ်ကြောင်း ထရန့်က ဇူလိုင်လ အတွင်း တူရကီမှာ ကျင်းပခဲ့တဲ့ နေတိုးအဖွဲ့ ညီလာခံ ပြင်ပမှာ ပြောခဲ့ဖူးပါတယ်။
ဒါပေမဲ့ နောက်ပိုင်း သီတင်းပတ်တွေမှာ အဲဒီ ကမ်းလှမ်းမှုနဲ့ ပတ်သက်လို့ သွေးအေးသွားခဲ့ပါတယ်။
ဇီလန်စကီးရဲ့ ပြောဆိုမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ CNN သတင်းဌာနက အိမ်ဖြူတော်ကို ချဉ်းကပ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိပါဘူး။
Patriot ဒုံးဖျက်ဒုံးတွေဟာ ပဲ့ထိန်း ဒုံးကျည်တွေကို ပစ်ချနိုင်စွမ်းရှိတဲ့ လက်တစ်ဆုပ်စာ လက်နက် အမျိုးအစားတွေထဲက တစ်မျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ မကြာသေးခင်က ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှု လျော့ကျသွားတာကြောင့် နိုင်ငံ ဒါဇင်ပေါင်းများစွာက သူတို့ရဲ့ ကာကွယ်ရေး စနစ်တွေကို အလျင်အမြန် ပြန်လည် အင်အား ဖြည့်တင်းရေး လုပ်ဆောင်ခဲ့ရတာကြောင့် ယူကရိန်းအတွက် ထောက်ပံ့မှုကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပါတယ်။
ရုရှားက အဲဒီ အခြေအနေကို အသုံးချပြီး ယူကရိန်းကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အဆက်မပြတ်နီးပါး ပြုလုပ်နေတာ တစ်လလောက် ရှိပြီ ဖြစ်ပါတယ်။
Patriot ဒုံးကျည်တွေ မရှိဘဲ ယူကရိန်းက ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ အခက်ကြုံနေပြီး အရပ်သား သေဆုံးမှု သိသိသာသာ မြင့်တက်လာနေတာ ဖြစ်ပါတယ်။
Ref:CNN

