၂၀၂၆ ရွေးကောက်ပွဲ တရားဝင်မှုအရေး ထိုင်း တရားရုံး ဆုံးဖြတ်ဖို့ရှိ

ဘန်ကောက်၊ စက်တင်ဘာ ၂၈

ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ တရားဝင် ဖြစ်မှု အရေး စိန်ခေါ်မှုနဲ့ ပတ်သက်လို့ ထိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက စက်တင်ဘာ ၂၈ ရက်မှာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

တရားဆုံး ဆုံးဖြတ်ချက်က ရွေးကောက်ပွဲ ရလဒ် တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် ရလဒ် အားလုံးအပေါ် သံသယရှိလာစေမှာ ဖြစ်ပါတယ်။

အစိုးရ ဌာနတွေအပေါ် မကျေနပ်ချက်တွေကို စုံစမ်း တင်ပြဖို့ ခန့်ထားတဲ့ အရာရှိက မဲစာရွက်တွေပေါ်မှာ ရိုက်နှိပ်ထားတဲ့ QR ကုဒ် နဲ့ တခြား ကုဒ်တွေကို ဘယ်ကိုယ်စားလှယ်လောင်းနဲ့ ဘယ်ပါတီအတွက် မဲပေးသူတွေ မဲပေးခဲ့သလဲ ဆိုတာကို စစ်ဆေးဖို့ အသုံးချနိုင်ကြောင်း စောဒက တက်ပြီး စစ်ဆေးပေးဖို့ လျှောက်ထားခဲ့ရာက အခု အမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ ကုဒ်တွေကြောင့် မဲထည့်မှု လျှို့ဝှက်ရမယ့် အခြေအနေကို အားလျော့စေတယ်လို့ အဲဒီ အရာရှိရဲ့လျှောက်ထားမှုမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံသား ၃၈ သန်း မဲပေးခဲ့ပြီး ဝန်ကြီးချုပ် အနုတင်ရဲ့ ဘွမ်ဂျိုင်ထိုင်းပါတီက ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။

ဒါကြောင့် သူ့အနေနဲ့ အမတ်နေရာ ၅၀၀ ရှိတဲ့ ထိုင်းလွှတ်တော်မှာ အမတ်နေရာ ၂၉၀ ကျော် ရရှိပြီး ညွှန့်ပေါင်းအစိုးရဖွဲ့စည်းခွင့် ရရှိခဲ့တာပါ။

မဲစာရွက်တွေမှာ ပါဝင်တဲ့ ကုဒ်တွေဟာ လုံခြုံရေးအတွက် ရည်ရွယ်တာ ဖြစ်ပြီး မဲပေးသူတွေကို ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ဖော်ထုတ်ဖို့ သီးခြား သိမ်းဆည်းထားတဲ့ မဲစာရွက်ဆိုင်ရာ အထောက်အထားတွေကို အသုံးပြုဖို့ လိုအပ်မှာ ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောထားပါတယ်။

ထိုင်းမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတဲ့ နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေရဲ့ ဗဟိုချက်နေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံး ရှိနေခဲ့တာ ဆယ်စုနှစ်နှစ်စု ကြာပြီ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ တရားရုံးက အဓိက နိုင်ငံရေး ပါတီ နှစ်ခု ဖျက်သိမ်းခဲ့ရတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး အထွေထွေ ရွေးကောက်ပွဲ နှစ်ခု တရားမဝင်ကြောင်း ဆုံးဖြတ်ခဲ့တာကြောင့် အစိုးရ အဖွဲ့တွေနဲ့ ဝန်ကြီးချုပ် အတော်များများ ပြုတ်ကျခဲ့ရပါတယ်။

မဲပေးမှု တရားဝင် ဖြစ်ကြောင်း ထိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်ဖွယ်ရှိတယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။

အခုလျောက်ထားမှုကို ပယ်ချဖို့ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်တယ်လို့ ထမ်မဆတ် တက္ကသိုလ်က ဥပဒေ ကျွမ်းကျင်သူ ပရင်ယာ သေးဝန်မာရာရွမ်မစ်ကူးလ်က ပြောပါတယ်။

၂၀၀၆ ရွေးကောက်ပွဲ ကျင်းပချိန်မှာ ကြိုတင်အသိပေးမှု အချိန် တိုတောင်းလွန်းပြီး မဲစာရင်း လျှို့ဝှက်ချက် ချိုးဖောက်ကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် တရားရုံးက ရလဒ်တွေကို တရားမဝင်ဘူးလို့ ကြေညာခဲ့ပါတယ်။

၂၀၁၄ ရွေးကောက်ပွဲ ကျင်းပချိန်က တစ်ရက်တည်း နိုင်ငံတဝှမ်း ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့အတွက် ရွေးကောက်ပွဲ တရားမဝင်ဘူးလို့လည်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်းရှိ မဲဆန္ဒနယ် အများအပြား နဲ့ ဘန်ကောက်မြို့ရှိ ဒေသ တချို့မှာ မဲရုံတွေကို အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက ပိတ်ဆို့ထားခဲ့ပြီးနောက် တရားရုံးက အခုလိုမျိုး ဆုံးဖြတ်ခဲ့တာပါ။

ဝန်ကြီးချုပ် အနုတင်ရဲ့ ဘွမ်ဂျိုင်ထိုင်း ပါတီဟာ အကျင့်ပျက်ခြစားမှု စွဲချက်တွေ၊ အထက် လွှတ်တော်အတွက် ရွေးချယ်ရေး လုပ်ငန်းစဉ်ကို မလှိမ့်တပတ် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.