ဘီးလင်း၊ စက်တင်ဘာ ၂၅

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဖိုးဝါးသိမ်ကျေးရွာအုပ်စု ရှမ်းစုကျေးရွာမှာ စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာနချုပ်ကနေ တိုက်ပွဲမရှိဘဲ ဘီးလင်းမြို့နယ် ဖိုးဝါးသိမ်ကျေးရွာအုပ်စုထဲကို လက်နက်ကြီး ၈၁ မမ နှစ်လုံး ပစ်ခတ်ခဲ့တာပါ။

စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် တစ်လုံးဟာ ဖိုးဝါးသိမ်ကျေးရွာအုပ်စု ရှမ်းစုကျေးရွာက ဒေသခံ နေအိမ် တစ်လုံးအနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ခြံဝင်းအတွင်းရှိတဲ့ ရှမ်းစုရွာနေ အသက် ၉ နှစ်အရွယ် မောင်ဟိန်းဆက်သူ ဘယ်ဘက်လက်အရိုး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးထိမှန်ခဲ့တဲ့ ကလေးငယ်ဟာ ဆေးကုသဖို့ လိုအပ်တာကြောင့် မိသားစုဝင်တွေက ကင်မွန်းချောင်းတိုက်နယ်ဆေးရုံသို့ ပို့ထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ကျသောင်းဆိပ်ကျေးရွာမှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ် ၄၀ နီးပါး ထိမှန်ပျက်စီးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.