တနင်္သာရီ မောတောင်မြို့က ဒေသခံ ၁၅၀၀ နီးပါး နေရပ်မပြန်ရဲသေး

တနင်္သာရီ၊ စက်တင်ဘာ ၂၆

အာဏာသိမ်း စစ်တပ် ပြန်လည်ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်း မောတောင်မြို့က ဒေသခံ ၁၅၀၀ နီးပါးဟာ စစ်မှုထမ်း စုဆောင်းခံရမှာ စိုးရိမ်တာကြောင့် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။

စစ်တပ်စိုးမိုးထိန်းချုပ်ထားတဲ့ မောတောင်မြို့အပါအဝင် အနီးအနား ကျေးရွာတွေက ဒေသခံ ၁၅၀၀ နီးပါးဟာ နေရပ်မပြန်နိုင်သေးဘဲ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တောတောင်တွေထဲ တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

မောတောင်မြို့က စစ်ဘေးရှောင်အများစုဟာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းတာ၊ ပျူစောထီးစုဆောင်းနေတာတွေအပြင် အလုပ်အကိုင်ရှားပါးတာတွေကြောင့် နေရပ်မပြန်ကြတာ ဖြစ်တယ်လို့ FE5 Tanintharyi အယ်ဒီတာတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မောတောင်မြို့ဒေသခံတွေဟာ ကရင်တိုင်းရင်းသားဖြစ်တာကြောင့် စစ်တပ်က သံသယကြီးပြီး စောင့်ကြည့်ဖမ်းဆီးမယ့် ဘေးအန္တရာယ်လည်း ရှိတယ်လို့ သူကဆက် ပြောပါတယ်။

နေရပ်ပြန်နေတဲ့ ဒေသခံတွေလည်း စစ်တပ်ရဲ့ မာရှယ်လော ထုတ်ထားတဲ့ပုံစံလိုမျိုး အချိန်အကန့်အသတ်နဲ့ မြို့ပြင်ထွက်ခွင့်ပေးတာ၊ ပျူစောထီးလုပ်ခိုင်းတာတွေ အလုပ်အကိုင်ရှားပါးတာတွေ ကြုံ တွေနေရပြီး လူငယ် လူလတ်ပိုင်းအရွယ် အမျိုးသားတွေကိုလည်း ဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တောထဲက စစ်‌ဘေးရှောင် နေရာတွေကို သွားရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထားတာ ရှိပြီး ဈေးရောင်း ဈေးဝယ်တာ တွေကိုလည်း ပေးမလုပ်တဲ့အပြင် တခြားနယ်တွေလည်း သွားလာခွင့် ပိတ်ပင်ထားပါတယ်။

လက်ရှိမှာ မိုးတွင်းကာလဖြစ်တာကြောင့် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ များနေပြီး အမိုးအကာလိုအပ်ချက်လည်း အနည်းငယ် ရှိတယ်လို့ ဆိုထားပါတယ်။

မောတောင်မြို့ကို ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် မောတောင်မြို့အတွင်းရှိ နေအိမ်အများအပြားကို ဖောက်ထွင်းကာ တန်းဖိုးရှိ အသုံးအဆောင်ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.