မွန်မှာ လိုင်စင်မဲ့ယာဉ်တွေကို နေအိမ်တွေအထိ လိုက်လံဖမ်းဆီးမှုတွေ ရှိလာ

မော်လမြိုင် ၊ စက်တင်ဘာ ၂၆

မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်ဖြစ်တဲ့ မော်တော်ကားနဲ့ ဆိုင်ကယ်တွေကို စစ်တပ် အသွင်ပြောင်း စစ်အစိုးရ လက်အောက်ခံ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက နေအိမ်တွေအထိ ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်အစိုးရဟာ လိုင်စင်မဲ့ယာဉ်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က စတင်ကာ စီမံချက်နဲ့ မြို့ဝင် မြို့ထွက်တွေ၊ ယာဉ်သွားလာမှု များတဲ့ နေရာတွေ၊ လမ်းဆုံ လမ်းခွတွေအပြင် မီးပွိုင့်လိုနေရာတွေမှာ အင်အားအများအပြားနဲ့ ဖမ်းဆီးတာတွေ ပြုလုပ်နေတာပါ။

စစ်အစိုးရ လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့တွေဟာ လိုင်စင်မဲ့ယာဉ်တွေကို လမ်းတွေမှာ ဖမ်းဆီးတာအပြင် ရပ်ကွက်နဲ့ ကျေးရွာတွေအတွင်း သတင်းပေးရှိပါက နေအိမ်တွေအထိ ဝင်ရောက် ဖမ်းဆီးတာတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။

မော်လမြိုင် ဒေသခံ တစ်ဦးကတော့ လက်ရှိ လိုင်စင်မဲ့ယာဉ်တွေကို လမ်းမှာ ဖမ်းဆီးတာအပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေနဲ့ ပေါင်းပြီး နေအိမ်အထိ သွားရောက် သိမ်းဆည်းတာတွေပါ လုပ်ဆောင်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုက ဖမ်းရုံတင် မဟုတ်ဘူး။ အုပ်ကြီးတွေ ရာအိမ်မှူးတွေနဲ့ ပေါင်းပြီးတော့ ဘယ်အိမ် လိုင်စင်မဲ့ယာဉ် ရှိလဲ၊ အဲဒီမှာ ဓားပြတိုက်သလိုပဲ သွားသိမ်းတာတွေ လုပ်လာတယ်။ သူတို့က မေးတာ ရှင်းတယ်။ လူထောင်ကျချင်လား။ ပစ္စည်း အရှုံးခံမလား ဒါမှမဟုတ် ပစ္စည်းရော လူရော ဆုံးချင်လား။ အခုက ရပ်ကွက်ထဲမှာတောင်မှ လိုင်စင်မဲ့ယာဉ် ရှိတဲ့အိမ်က ရာအိမ်မှူးနဲ့ တည့်အောင် နေရတာပေါ့၊ ရာအိမ်မှူးနဲ့ မတည့်ရင် ရာအိမ်မှူး ဖော်ရင် အဲဒီအိမ်က အချောင်ပါဦးမယ်၊ အနေအထားက အဲဒီလို ဖြစ်သွားပြီ” လို့ ဆိုပါတယ်။

လိုင်စင်မဲ့ယာဉ်တွေကို နေအိမ်တွေအထိ လိုက်လံ သိမ်းဆည်းတဲ့နေရာမှာလည်း ငွေကြေးပေးနိုင်တဲ့သူတွေကို ယာဉ်တွေသာ သိမ်းဆည်းပြီး ငွေကြေး မပေးနိုင်တဲ့ သူတွေကိုတော့ ဖမ်းဆီး ခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးတဲ့နေရာမှာ စစ်အစိုးရ လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေ ဖြစ်တဲ့ ယာဉ်ထိန်းရဲ၊ ထွေအုပ်၊ စစ်တပ်၊ ပြည်သူ့စစ်၊ ပြည်သူ့ လုံခြုံရေးနဲ့အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့အပြင် တခြား ဌာနဆိုင်ရာတချို့လည်း ပါဝင်နေတာပါ။

လိုင်စင်မဲ့ယာဉ် ဖမ်းဆီးခံရပါက လိုင်စင်မဲ့ယာဉ် ဖြစ်တဲ့ မော်တော်ကား၊ ဆိုင်ကယ်တွေကို သိမ်းဆည်းတာ အပြင် ယာဉ်မောင်းနှင်းသူတွေကိုပါ စစ်အစိုးရက ပို့ကုန် သွင်းကုန် ဥပဒေတွေနဲ့ အရေးယူ တာတွေ ရှိတယ်လို့ သိရပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် စစ်အစိုးရဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်မီ ကာလ ကလည်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ လိုင်စင်မဲ့ယာဉ် တွေကို စီမံချက်နဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

မွန်ပြည်နယ်မှာတော့ စစ်အစိုးရဟာ ဒေသခံ ပြည်သူတွေရဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေပေမယ့် သူတို့ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လိုင်စင်မဲ့ယာဉ် စီးနှင်းပြီး သွားလာနေတဲ့အပေါ် ဒေသခံတွေ အကြား ဝေဖန်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.