နေပြည်တော် ၊ စက်တင်ဘာ ၂၆

တိုင်းရင်းသားအားလုံး တည်ငြိမ်အေးချမ်းစွာ ပူးပေါင်းနေထိုင်နိုင်တဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသတည်ထောင်ရေးကို လျှောက်လှမ်းဖို့ ကိုင်စွဲထားကြောင်း ကိုးကန့်အဖွဲ့ MNDAA က စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြောဆိုလာပါတယ်။

စစ်အစိုးရရဲ့ ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အရ စက်တင်ဘာ ၂၄ ရက်နေ့က ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ မြန်မာနိုင်ငံအမှန်တရားနဲ့ တရားမျှတတဲ့အမျိုးသားပါတီ (MNTJP/ MNDAA) တို့ နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

တွေ့ဆုံဆွေးနွေးပွဲကိုတော့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ညှိနှိုင်းရေးကော်မတီဝင်တွေနဲ့ ကိုးကန့်အဖွဲ့ဘက်က ဦးဖုန်ဝင်းနိုင် ဦးဆောင်တဲ့ ဌာနအစုံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံမှုအတွင်း ကိုးကန့်အဖွဲ့ MNTJP ပေါလစ်ဗျူရို၊ အထွေထွေအတွင်းရေးမှူး(၂)၊ ဆက်ဆံရေးဌာနဌာနမှူး ဦးဖုန်ဝင်းနိုင်က အားလုံးပါဝင်နိုင်တဲ့ လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားတဲ့ ပုံစံနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ လမ်းကြောင်းအပေါ် အထူးကြိုဆိုတယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဘုံရည်မှန်းချက်ဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူထုတစ်ရပ်လုံး အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ ရရှိထားတဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်ဖို့ လိုသလို နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးနိုင်မယ်လို့ ‌မျှော်လင့်ကြောင်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုမပြိုကွဲရေးနဲ့ တိုင်းရင်းသား တန်းတူညီမျှရေးဆိုတဲ့ နိုင်ငံရေးရပ်တည်ချက်အပေါ်မှာ ခိုင်မာစွာ ရပ်တည်ပြီး စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသတည်ထောင်ရေးကို လျှောက်လှမ်းဖို့ ကိုင်စွဲထားတယ်လို့ ဦးဖုန်ဝင်းနိုင်က ပြောဆိုကြောင်း စစ်အစိုးရက သတင်းထုတ်ပြန်ထားတာပါ။

NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း လောက်ကိုင်ဒေသ အထူးဒေသ (၁) ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခဲ့ပြီး အပြန်အလှန်ယုံကြည်မှုတွေ ရှိခဲ့တယ်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြောပါတယ်။

လက်ရှိမှာလည်း အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးအတွက် နည်းလမ်းရှာရမှာဖြစ်ပြီး ကိုးကန့်လူမျိုးတွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

MNDAA ရဲ့ ရေရှည်လိုလားချက်ကို အစိုးရအနေနဲ့ ဖြေရှင်းပေးနိုင်တာတွေကို ပွင့်လင်းစွာ ဆွေးနွေးပြီး နားလည်မှုနဲ့ ယုံကြည်မှုတည်ဆောက်ရေးအတွက် အပြန်အလှန် မှီခိုမှုရှိရမယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် တစ်ဖက်နဲ့တစ်ဖက် လိုလားချက်တွေကို ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားထားတာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခု သတ်မှတ်ပြဋ္ဌာန်းထားပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသအဖြစ် သတ်မှတ်ထားတာ မရှိပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လောက်ကိုင်မြို့နဲ့ ကုန်းကြမ်းမြို့တို့ကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားတာပါ။ MNDAA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ သိန္နီ၊ တာမိုးညဲ၊ ပန်ဆိုင်းနဲ့ ကုန်းကြမ်း စတဲ့ မြို့တွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

နှစ်ဘက်ဆွေးနွေးမှုမှာတော့ နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်တွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်စပ်ဒေသကို ဖြတ်သန်းတဲ့ စီမံကိန်းတွေဖော်ဆောင်ရေး၊ အွန်လိုင်းလိမ်လည်မှုနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်အစိုးရက ဆိုပါတယ်။

နိုင်ငံတော်လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်အကြား အပြန်အလှန်ယုံကြည်မှုခိုင်မာစေရေးနဲ့ နိုင်ငံရေးပါတီတည်ထောင်ပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးကိစ္စတို့ကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြတာပါ။

NSPNC ဘက်က နိုင်ငံရေးနည်းလမ်းနဲ့ ဆက်လက်ညှိနှိုင်းနိုင်ရေးအပါအဝင် ဒေသဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်မယ့်ကိစ္စတွေနဲ့ သမ္မတရဲ့ လမ်းညွှန်ချက်တွေကိုလည်း MNDAA ကို တင်ပြခဲ့ပြီး နှစ်ဘက်ဆွေးနွေးချက်တွေအပေါ် မှတ်တမ်းတင်နိုင်ဖို့ ညှိနှိုင်းပြီး လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြပါတယ်။

လက်ရှိအချိန်မှာ စစ်အစိုးရဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွင်း အပစ်ရပ်ထိုးနဲ့ အပစ်ရပ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပြင် ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြတဲ့ တအာင်းအဖွဲ့နဲ့ ကိုးကန့်အဖွဲ့တို့လည်း NSPNC ရဲ့ ဆွေးနွေးဖက်ဖြစ်လာတာပါ။

ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းအဖွဲ့၊ ကိုးကန့်အဖွဲ့နဲ့ အာရက္ခတပ်တော် AA တို့ဟာ နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာတဲ့ PDF တွေနဲ့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲကာ ရှမ်းမြောက်ရှိ စစ်တပ်ရဲ့ စိုးမိုးနယ်မြေများစွာကို ထိန်းချုပ်ခဲ့ကြပါတယ်။

ဒါပေမယ့် တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် တအာင်းအဖွဲ့နဲ့ ကိုးကန့်အဖွဲ့တို့ဟာ စစ်တပ်နဲ့ Bilateral အပစ်ရပ်စဲထားကြပြီး နယ်မြေတချို့လည်း လက်လွှတ်ခဲ့ရသလို လေကြောင်းတိုက်ခိုက်မှုနဲ့ နိုင်ငံရေးအရ ဖိအားပေးမှုတွေကြောင့် တွေ့ဆုံရေးစားပွဲဝိုင်းဆီ ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.