စက်သုံးဆီ ဈေးနှုန်း စံချိန်တင် ခုန်တက်

မော်လမြိုင်၊ စက်တင်ဘာ ၂၅

စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ စက်သုံးဆီ တင်သွင်းမှု လျှော့ချမှုကြောင့် စက်သုံးဆီဈေးနှုန်းဟာ တစ်ရက်အတွင်း တစ်လီတာကို ကျပ် ၇၀၀ ဝန်းကျင်အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်လာခဲ့ပါတယ်။

မွန်ပြည်နယ် စက်သုံးဆီ ဈေးကွက်မှာ မနေ့ စက်တင်ဘာ ၂၄ ရက်နေ့က 95 ဓာတ်ဆီ တစ်လီတာ ကျပ် ၄၁၉၀ ၊ 92 ဓာတ်ဆီ တစ်လီတာ ကျပ် ၄၀၅၀ ၊ ဒီဇယ်ဆီ တစ်လီတာ ကျပ် ၅၂၇၀ သာ ရှိခဲ့တာပါ။

ဒါပေမယ့် ဒီကနေ့ စက်တင်ဘာ ၂၅ ရက်နေ့မှာတော့ 95 ဓာတ်ဆီ တစ်လီတာ ကျပ် ၄၈၆၀ ၊ 92 ဓာတ်ဆီ တစ်လီတာ ၄၇၀၅ ကျပ် ၊ ဒီဇယ်ဆီ တစ်လီတာ ကျပ် ၆၀၂၀ အထိ ဈေးနှုန်း ခုန်တက်လာခဲ့ပါတယ်။

စက်သုံးဆီ လုပ်ငန်းရှင်တွေကတော့ စက်သုံးဆီဈေးနှုန်း တစ်ရက်အတွင်း စံချိန်တင် ဈေးနှုန်းမြင့်တက်လာမှုဟာ စစ်တပ် အသွင်းပြောင်း အစိုးရက စက်သုံးဆီ တင်သွင်းမှု ထပ်မံလျှော့ချလိုက်တာလို့ ဆိုပါတယ်။

ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က စက်သုံးဆီ တင်သွင်းခွင့် လျှော့ချမှုကြောင့် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၃ ဘီလီယံဖိုး သက်သာခဲ့တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ လယ်ယာကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြောဆိုထားပါတယ်။

စက်သုံးဆီ တင်သွင်းခွင့် လျှော့ချမှုကြောင့် လာမယ့် ပွင့်လင်းရာသီမှာ စက်သုံးဆီ ပြတ်လပ်တာနဲ့ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ထပ်မံခံစားရနိုင်တယ်လို့ စက်သုံးဆီ ပညာရှင်တွေက ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.