မော်လမြိုင်၊ စက်တင်ဘာ ၂၄
မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်မှာရှိတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ အထူးတိုင်းစစ်ဌာနချုပ် လေကြောင်းဗုံးကြဲခံရတာကြောင့် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာ ၂၄ ရက်နေ့ မနက် ၁၁ နာရီကနေ ၁၂ နာရီအချိန်အထိ အာဏာသိမ်း စစ်တပ်ဟာ NUG အထူးတိုင်းစစ်ဌာနချုပ်ကို လေကြောင်းကနေ ဂျက်ဖိုက်တာ တိုက်လေယာဉ် သုံးစီးနဲ့ လေကြောင်းဗုံးကြဲမှု အပြင်းအထန် လုပ်ဆောင်ခဲ့သလို မြေပြင်တပ်ရင်းတွေကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။
လေကြောင်းဗုံးကြဲမှုအတွင်း NUG အထူးတိုင်းစစ်ဌာနက ရဲဘော် အောင်စံရှားအပါအဝင် CDM အရာရှိတွေဖြစ်တဲ့ ဗိုလ်မှူး တင်လင်းအောင်၊ တပ်ကြပ်ကြီး နေဝင်းအောင်တို့လည်း ဒဏ်ရာရရှိထားတယ်လို့ ဆိုပါတယ်။
ကနဦး အချက်အလက်တွေအရ NUG အထူးတိုင်းစစ်ဌာနချုပ် ဗုံးကြဲခံရတဲ့ ဖြစ်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော် လေးဦး ကျဆုံးထားပြီး ဒဏ်ရာရသူ ဆယ်နဲ့ချီ ရှိတယ်လို့ သိရပါတယ်။
လေကြောင်းဗုံးကြဲပြီးနောက် စစ်တပ်ဘက်က ကင်းထောက် ဒရုန်းတွေနဲ့ စောင့်ကြည့်နေတာ၊ မြေပြင်ကနေ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ကူညီကယ်ဆယ်ရေး မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
အမျိုးသားညီညွှတ်ရေးအစိုးရ NUG မှာ တိုင်းစစ်ဌာန ၁၀ ခု နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ဗုံးကြဲခံရတဲ့ အထူးတိုင်းစစ်ဌာနဟာ မွန်ပြည်နယ်နဲ့ ပဲခူတိုင်းအစပ်မှာ အဓိက စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ကျသောင်းဆိပ်ကျေးရွာမှာ KNU သထုံခရိုင် တာဝန်ရှိသူတွေ အစည်းအဝေး ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအရ လေကြောင်းကနေ ဗုံးကြဲသွားတာကြောင့် စာသင်ကျောင်းတွေအပါအဝင် နေအိမ် ၄၀ နီးပါး ပျက်စီးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

