ဘားအံ၊ စက်တင်ဘာ ၂၅
ကရင်ပြည်နယ် ခရီးသွားမြို့တော်လို့ တင်စားခေါ်ဝေါ်နေကြတဲ့ ဘားအံမြို့မှာ စက်တင်ဘာတတိယအပတ်ကနေစလို့ စစ်အစိုးရက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဘားအံမြို့မှာ စစ်အစိုးရက စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာချိန် အတောအတွင်းမှာပဲ စက်တင်ဘာ ၂၀ ရက်နေ့ နောက်ပိုင်းကစပြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေကို ဖမ်းဆီးသိမ်းဆည်းမှု အရှိန်အဟုန်မြင့်တက်လာနေခဲ့တာပါ။
ကရင်ပြည်နယ်စစ်အစိုးရဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဦးဆောင်ပြီးတော့ ဘားအံမြို့ အဝင်အထွက်နေရာတွေ၊ မြို့တွင်းထဲ လမ်းဆုံ မီးပွိုင့်လိုနေရာမျိုးတွေ၊ ဈေးသွားဈေးလာများတဲ့ နေရာတွေနဲ့ ကျောင်းကြိုကျောင်းပို့များတဲ့ နေရာတွေမှာ အဓိကထားပြီး ဖမ်းဆီးနေတာပါ။
လိုင်စင်ရှိယာဉ်ဖြစ်ပေမယ့်လည်း ကားတွေမှာ ကုန်ပစ္စည်းတစ်ခုခုသယ်ဆောင်လာတာတွေ့ရှိပါက ငွေကြေးတောင်းယူတဲ့ဖြစ်စဉ် တချို့ရှိနေသလို ဆိုင်ကယ်တွေမှာလည်း ဘက်မှန်၊ ဦးထုပ်၊ ယာဉ်မောင်းလိုင်စင်နဲ့ လိုင်စင်တွေ မပါရှိပါက ဒဏ်ကြေး အနည်းဆုံး ၃၀၀၀၀ အထိ ယာဉ်ထိန်းရဲတွေက ငွေကြေးတောင်းယူနေတာပါ။
လိုင်စင်မဲ့ယာဉ်တွေအဖြစ် စစ်ဆေးတွေ့ရှိပါက ယာဉ်ထိန်းရဲက ဖမ်းဆီးသိမ်းဆည်းနေပြီး သိမ်းဆည်းမခံလိုပါက လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ယာဉ်ထိန်းရဲတွေနဲ့ အဆက်အသွယ်ရှိတဲ့ ပွဲစားတွေကနေတဆင့် ငွေကြေး အနည်းဆုံး ကျပ် ၁၀ သိန်းခန့် ပေးပြီး ကားကို ပြန်ရွေးယူနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ယာဉ်ထိန်းရဲတပ်ဖွဲ့တွေဟာ ပြည်သူတွေ အသုံးပြုသွားလာနေတဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းတာတွေ လုပ်ဆောင်နေပေမယ့်လည်း လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လိုင်စင်မဲ့ယာဉ်တွေကိုတော့ ဖမ်းဆီးသိမ်းဆည်းတာ မရှိပါဘူး။
ပုံမှန်အားဖြင့် ရက်ကြီးရက်မြတ်ဖြစ်တဲ့ လပြည့်နေ့လိုမျိုးမတိုင်ခင်ရက်တွေမှာ ကျေးရွာအတွင်းမှာနေထိုင်ကြတဲ့ ဒေသခံရွာသူရွာသားတွေအများစုဟာ လိုင်စင်မဲ့ယာဉ်တွေနဲ့ ဘားအံမြို့ထဲလာရောက်ပြီး လူသုံးကုန်ပစ္စည်းတွေနဲ့ စားရိက္ခာတွေ အစရှိတဲ့ ပစ္စည်းတွေကို လာရောက်ဝယ်ယူလေ့ရှိကြတာပါ။
ဒါပေမယ့် ဒီလို လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးနေတာကြောင့် လိုင်စင်မဲ့ယာဉ်တွေကို အားထားအသုံးပြုနေရတဲ့ ဒေသခံတွေအတွက်ကတော့ ဘားအံမြို့တွင်းထဲကို မလာရဲကြတော့ဘဲ ဈေးဝယ်သူတွေနည်းလာတာကြောင့် မြို့တွင်းထဲမှာရောင်းချနေကြတဲ့ ဈေးဆိုင်တွေမှာလည်း အရောင်းအဝယ်ပါးလာကြတယ်လို့ ကုန်စုံဆိုင်ရောင်းချကြသူတစ်ဦးက ဆိုပါတယ်။
အထွေထွေကုန်ဈေးနှုန်းတွေ ကျဆင်းမလာဘဲ ဈေးနှုန်းထိုးတက်နေမှုတွေ ကြုံနေရပြီး စက်သုံးဆီရရှိမှု အခက်အခဲတွေ ပြည်သူလူထုတွေကြုံနေရချိန်မှာ ကရင်ပြည်နယ် ယာဉ်ထိန်းရဲတွေကတော့ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးသိမ်းဆည်းနေတာကြောင့် ဒေသခံလူထုတွေအတွက်ကတော့ ပိုပြီးအရင်ကထက် ကြပ်တည်းလာနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

