နေပြည်တော် ၊ စက်တင်ဘာ ၂၅
ဒီမိုကရေစီအတွက် လိုအပ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးမှုတွေကို အမေရိကန်က ပူးပေါင်းဆောင်ရွက်ပေးရင် အကောင်းဆုံးလို့ ၂၀၂၁ အာဏာသိမ်းမှုကို စစ်ခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ရာကနေ ကိုယ်တိုင်ခန့် သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်က ထုတ်ပြောပါတယ်။
အမေရိကန်နဲ့ ကမ္ဘာတစ်ဝန်းရှိ စာဖတ်ပရိတ်သတ်သန်းပေါင်းများစွာထံ ရောက်ရှိတဲ့ ကမ္ဘာကျော် TIME မဂ္ဂဇင်းရဲ့ အင်တာဗျုးတစ်ခုကို ဦးမင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဩဂုတ်မှာ လက်ခံဖြေကြားခဲ့မှုအတွင်း ပြောဆိုချက်တွေကို စစ်အစိုးရက စက်တင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။
ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း မြန်မာပြည်သူတွေကို ထရမ့်နဲ့ အမေရိကန်အစိုးရအနေနဲ့ ဘယ်လိုကဏ္ဍမျိုးတွေကို အကူအညီပေးစေလိုသလဲဆိုတဲ့ TIME မဂ္ဂဇင်းရဲ့ စင်ကာပူအခြေစိုက် အယ်ဒီတာချုပ် ချာလီကမ်ဘဲလ်ရဲ့ မေးမြန်းမှုအပေါ် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
စစ်အစိုးရအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတဲ့အချိန်ဖြစ်ပြီး မြန်မာပြည်သူတွေက ဒီမိုကရေစီနိုင်ငံဖြစ်အောင် သွားနိုင်ဖို့ဆိုရင် ဒီမိုကရေစီအတွက် လိုအပ်တဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးတို့ကို အမေရိကန်က ပူးပေါင်းဆောင်ရွက်ပေးဖို့ အချက်နှစ်ချက်ကို တောင်းဆိုခဲ့တာပါ။
နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေတဲ့ အကြောင်းအရင်းတွေမှာ ပြည်ပမှာနေပြီး စစ်အစိုးရကို တိုက်ခိုက်ပြောဆိုနေတာတွေနဲ့ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးစားနေတာတွေ မဖြစ်ဖို့ အမေရိကန်က တားဆီးပေးဖို့ လိုတယ်လို့ ဦးမင်းအောင်လှိုင်က ဆိုပါတယ်။
ဒါ့အပြင် စီးပွားရေးအရနဲ့ ငွေရေးကြေးရေးအရ စစ်အစိုးရကို ကန့်သတ်ထားတဲ့အပေါ် ဒီမိုကရေစီသက်တမ်းရင့်တဲ့ အမေရိကန်အစိုးရက မြန်မာနိုင်ငရဲ့ အခြေအနေကို အမှန်အတိုင်း ရှုမြင်သုံးသပ်ပြီး ပိတ်ဆို့မှုတွေကို လျှော့ပေါ့စဉ်းစားပေးရင် ပိုပြီးသင့်လျော်မယ်လို့ သူက ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က တရုတ်နဲ့ ရုရှားတို့ကို အောက်ကျို့ပြီး မှီခိုနေရအပေါ် ဟန်ချက်ညီအောင် အနောက်နိုင်ငံတွေကို ဦးဆောင်တဲ့ အမေရိကန်နဲ့ ဆက်ဆံရေးတည်ဆောက်ပြီး လူရာဝင်ချင်တာလို့ သုံံးသပ်ပါတယ်။
“တကယ်တမ်းကျတော့ ဟိုက (တရုတ်နဲ့ရှရုား) အပေါ်စီးယူချင်လို့ မဟုတ်ဘူး။ သူကိုယ်တိုင်က အောက်ကျို့ပြီး ထိုးခံနေတာကိုး။ ကြာလာတော့ သူရှက်လာတာနဲ့ တူပါတယ်။ ကမ္ဘာ့နိုင်ငံတွေကလည်း မင်းတို့သွားပြီး တပည့်ခံနေတဲ့ ကောင်တွေဆိုပြီး အထင်အမြင်သေးလာတာပေါ့။ အဲဒီလိုဖြစ်လာတော့ သံရေးတမန်ရေးအရ ကျလာတာပေါ့။ အမေရိကန်ရဲ့ သဘောတူညီချက် မရဘဲ ကုလသမဂ္ဂမှာ ဝင်လို့ မရဘူး။ နောက်ဘယ်မှ ပွင့်ပွင့်လင်းလင်းပြောရင် လူရာမဝင်ဘူးပေါ့ကွာ။ သူပေါင်းနေတဲ့လူတွေက လူရာဝင်တဲ့ သူတွေ မဟုတ်ဘူး။ အဲဒီလို အနေအထားရောက်တဲ့အခါကျတော့ သူ လူရာဝင်ချင်တာပေါ့။ အဲဒီတော့ လူရာဝင်တဲ့ လူတွေနဲ့ ပေါင်းချင်တာပေါ့။ အဲဒီလို ပေါင်းဖို့ သူ ကြိုးစားတယ်လို့ ဆရာ ယူဆတယ်”လို့ ဆိုပါတယ်။
Justice For Myanmar ရဲ့ အချက်အလက်တွေအရ အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးတွေ ပြန်လည်တည်ဆောက်ဖို့ မြန်မာစစ်အုပ်စုက လော်ဘီအဖွဲ့ DCI Group ကို တစ်နှစ်စာအတွက် ကန်ဒေါ်လာ သုံးသန်းနဲ့ ငှားရမ်းခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ် ဩဂုတ် ၇ ရက်နေ့မှာ ဖော်ထုတ်ခဲ့ပါတယ်။
TIME မဂ္ဂဇင်းနဲ့ အင်တာဗျုးမှာတော့ ရုရှား၊ တရုတ်နဲ့ မြန်မာတို့အကြား နှစ်နိုင်ငံဆက်ဆံရေးအပါအဝင် မြန်မာနိုင်ငံအနေနဲ့ တရုတ်အပေါ် အတော်လေး မှီခိုအားထားရတယ်ဆိုတဲ့ မေးမြန်းမှုအပေါ် ဦးမင်းအောင်လှိုင်က ငြင်းဆိုထားတာပါ။
တရုတ်ကို လုံးဝမှီခိုတာ မဟုတ်ပေမယ့် တရုတ်က မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးတာတွေ အများကြီးရှိပြီး တိုင်းပြည်တိုးတက်ဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်သူနဲ့ဖြစ်ဖြစ် လုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အမေရိကန်က မြန်မာနိုင်ငံရဲ့အကျိုးကို လာလုပ်မယ်ဆိုရင် ဥပဒေတွေနဲ့ ခွင့်ပြုပေးလို့ ရတာမို့ အိန္ဒိယနဲ့ ထိုင်းတို့လည်း အလားတူ လုပ်တာဖြစ်လို့ နိုင်ငံအားလုံးနဲ့ အကုန်လုံး ပေါင်းပြီး ဆောင်ရွက်တာဖြစ်ပေမယ့် တရုတ်က ပူးပေါင်းဆောင်ရွက်မှု အများဆုံးလို့ သူက ဖြေရှင်းထားတာပါ။
ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး အရေးယူရမှာတွေ အများကြီးရှိတဲ့အပေါ် လျှော့ပေးခဲ့တာ ရှိသလို သူ့အပေါ် အများကြီး သက်ညှာခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအရ အခန်းကဏ္ဍမှာလည်း သူ့အပေါ် မူတည်ပြီး လျှော့ပေါ့စဉ်းစားမယ့်အချက်တွေ ပေါ်လာရင် အခွင့်အရေးရမှာဖြစ်တယ်လို့ ဦးမင်းအောင်လှိုင်က ပြောကြားထားတာပါ။
ဒီလိုမျိုးပြောဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးစင်မြင့်ထက်မှာ ဆက်လက်ပြီး မပါဝင်စေချင်တဲ့ သဘောမျိုးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘယ်တော့မှ သူ့ရဲ့ ဟိုဥစ္စာကို (နိုင်ငံရေးခံယူချက်) ပြောင်းလဲမှာ မဟုတ်ဘူး။ ဒါပေမယ့် သူက (ကိုယ်တိုင်ခန့် သမ္မတ) တစ်ဘက်ကတော့ သူ့အပေါ် မူတည်နေတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဒါတွေ ဒါတွေ မလုပ်တော့ဘူး၊ ဖြေလျှော့ပေးမယ်ဆိုတဲ့ ပုံစံမျိုးကတော့ လက်ရှိမှာ ဒီစကားက ၅ နှစ်ကြာမှ ထွက်လာတဲ့ စကားပေါ့။ အခြေအနေအရတော့ သူက တော်တော်လေးကို အခြေအနေမကောင်းဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ထွက်လာရင် ငါ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အခြေအနေကို သူ တွေးကြောက်နေတာပေါ့။ အဲဒါကြောင့်မို့ အဲဒီလို စကားကို ပြောတာလို့ ကျွန်တော်ထင်တယ်”လို့ ဆိုပါတယ်။
စစ်အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိဖို့ ကြိုးပမ်းတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဓားစာခံအဖြစ် အသုံးချပြီး သံခင်းတမန်ခင်း တိုးမြှင့်ဖို့ လုပ်ဆောင်နေတာလို့ မြန်မာ့အရေးလေ့လာသူတွေက ထောက်ပြထားကြတာပါ။
တစ်ဘက်မှာတော့ အရပ်သားပစ်မှတ်တွေကို ဦးတည်တဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် လူငယ်တွေကို အဓမ္မဖမ်းဆီးပြီး စစ်ထဲသွတ်သွင်းနေသလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကိုလည်း စစ်အစိုးရက ကန့်သတ်ထားတာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ ဦးမင်းအောင်လှိုင်ကတော့ တိုင်းပြည်အတွက် ထားချင်တဲ့ အမွေဟာ တည်ငြိမ်အေးချမ်းမှုနဲ့ တိုးတက်မှုက နံပါတ်တစ်ဖြစ်ပြီး ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်ဖို့နဲ့ ပညာတွေ ပေါကြွယ်တဲ့ လူတွေ ပေါများအောင် ဆောင်ရွက်ပေးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစနစ်ကို ရအောင် လုပ်ပေးပါမယ်လို့ အာမခံထားသလို တိုင်းရင်းသားအခွင့်အရေးတွေ ဖက်ဒရယ်အခွင့်အရေးတွေ ဆောင်ရွက်ပေးမယ်လို့ သူက TIME မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ကြုံးဝါးထားတာပါ။
ဒါပေမယ့် Time Magazine ရဲ့ Online Media မှာ ဖော်ပြခဲ့မှုဟာ မူလအင်တာဗျူး အမေး၊ အဖြေ ပုံစံမဟုတ်ဘဲ ဆောင်းပါးပုံစံနဲ့ ရေးသားဖော်ပြခဲ့တဲ့အတွက် မီဒီယာကျင့်ဝတ်သိက္ခာကို စောင့်ထိန်းလိုက်နာခြင်းမရှိဘူးလို့ စစ်အစိုးရက စက်တင်ဘာ ၂၃ ရက်နေ့မှာ ပြစ်တင်ရှုတ်ချထားတာပါ။
အမှန်တကယ် ဖြေကြားခဲ့မှုတွေကို ထင်ဟပ်ဖော်ပြခဲ့ခြင်းမရှိခဲ့ဘဲ မလိုလားအပ်တဲ့ အပြုသဘောမဆောင်တဲ့ ရေးသားချက်တွေ အခြားပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေနဲ့ သုံးသပ်ချက်တွေကိုလည်း ထည့်သွင်းဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သတင်းစာပညာနဲ့ ကြည့်ရင် သက်ဆိုင်သူတွေရဲ့ အသံကို မျှတအောင် ထည့်ထားတာဖြစ်လို့ အချက်အလက်မှန်နေရင် စောဒက တက်ခွင့်မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အမေရိကန်နဲ့ အနောက်နိုင်ငံတွေနဲ့ ပြန်ပြီးတော့ ပြေလည်စေချင်တယ်ဆိုတဲ့ဟာက သူမပြောဘဲ ထည့်ရေးလို့ မရဘူး။ သူပြောလို့ ရေးတာပေါ့ဗျာ။ တခြား သက်ဆိုင်တဲ့သူတွေကို ကိုးကားပြီး ရေးတာတော့ သူက မဂ္ဂဇင်းပုံစံပါ။အဲဒီတော့ ဆိုလိုတာက ကျွန်တော်ကြည့်ရတာတော့ ဒီဆောင်းပါးမှာ Media Ethics (မီဒီယာကျင့်ဝတ်) နဲ့ မညီတာ တစ်ခုမှ မရှိပါဘူး။ ဒါပေမယ့် မြန်မာဗိုလ်ချုပ်တွေ သိဖို့က ဒီဟာက မြန်မာ့အလင်းတို့ မြဝတီတို့လိုမျိုး သူတို့ ပြောတဲ့ဟာတွေကို အတိအကျဖော်ပြတဲ့ဟာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာ သတင်းစာကျင့်ဝတ်နဲ့အညီ သတင်းရယူသွားတယ်။ သူရေးတဲ့အချက်အလက် မှန် မမှန်ကိုပဲ ပြောသင့်ပါတယ်။ အချက်အလက်မှန်နေရင် ဘာမှ စောဒကတက်ခွင့် မရှိပါဘူး”လို့ ဆိုပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်မှုတွေကို ခံနေရတဲ့ စစ်အစိုးရအနေနဲ့ အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးပြေလည်ချင်တဲ့ အာသီသရှိလို့ TIME မဂ္ဂဇင်းကနေ ကမ်းလှမ်းလာတဲ့ အင်တာဗျုးကို လက်ခံဖြေဆိုတဲ့ အကြောင်းအရင်းလို့ နားလည်ရပါတယ်။
အထူးသဖြင့် ကိုယ်တိုင်ခန့် သမ္မတကို အင်တာဗျုးခွင့်ရဖို့ စင်ကာပူအခြေစိုက် မြန်မာသံရုံးယာယီတာဝန်ခံကို ဆက်သွယ်ခဲ့တဲ့ TIME မဂ္ဂဇင်းရဲ့ အီးမေးလ်မှာ ရေးသားချက်တွေဟာ စစ်အစိုးရကို တနည်းတဖုံ စွဲဆောင်နေတာပါ။
ဦးမင်းအောင်လှိုင်အနေနဲ့ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဘာကြောင့် ရုတ်သိမ်းသင့်တယ်ဆိုတဲ့ ယုံကြည်ချက်ကို သမ္မတ ဒေါ်နယ်ထရန့်နဲ့ အမေရိကန်နိုင်ငံသားအားလုံးကို ရှင်းလင်းပြောကြားဖို့ အခွင်းအရေးတစ်ခု ပေးအပ်လိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် TIME ဟာ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အနှစ်သက်ဆုံး မဂ္ဂဇင်းတစ်စောင်ဖြစ်သလို အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်တိုင်းကို ဖြန့်ဝေပေးတဲ့ တစ်ခုတည်းသော မဂ္ဂဇင်းလည်း ဖြစ်တယ်လို့ အီးမေးလ်မှာ ရေးသားထားတာ တွေ့ရပါတယ်။
ဒီအတွက်ကြောင့် ဦးမင်းအောင်လှိုင်အနေနဲ့ အာဏာသိမ်းမှု ၅ နှစ်ကျော်အတွင်း အနောက်နိုင်ငံအခြေစိုက် သတင်းမီဒီယာတစ်ခုနဲ့ ပထမဆုံးအကြိမ် အင်တာဗျူးဖြေဆိုဖို့ လက်ခံသဘောတူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် TIME မဂ္ဂဇင်းဘက်က ဖော်ပြချက်နဲ့ ပတ်သက်ပြီး ဖြေကြားခဲ့မှုတွေကို ထင်ဟပ်ခြင်းမရှိခဲ့တဲ့အတွက် စစ်အစိုးရက ပြစ်တင်ရှုတ်ချကြောင်းနဲ့ အင်တာဗျူးအပြည့်အစုံကို နိုင်ငံပိုင်ဝါဒဖြန့် ပလက်ဖောင်းအစုံမှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TLT

