နေပြည်တော်၊ စက်တင်ဘာ ၂၄

လုံခြုံရေးကြောင့် ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေဟာ ပေးအပ်ထားတဲ့ အခွင့်အာဏာကို မလျော်ကန်စွာ အသံုံးချနေတာကြောင့် ထိရောက်စွာ ကိုင်တွယ်ဖို့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ညွှန်ကြားလာပါတယ်။

မနေ့ စက်တင်ဘာ ၂၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တို့အား တွေဆုံစဉ် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ညွှန်ကြားလာတာ ဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်က စစ်ဆေးရေးဂိတ်တွေကြောင့် တရားမဝင် ကုန်စည်စီးဆင်းမှုတွေ ဖြစ်ပေါ်လျက်ရှိပြီး အကျိုးဆက်အနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ခံစားနေကြရတယ်လို့ ပြောပါတယ်။

ဒါကြောင့် စစ်ဆေးရေးဂိတ်တွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသွားဖို့နဲ့ တရားဥပဒေ ချိုးဖောက်မှုတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တာပါ။

လတ်တလော ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ဒေသအလိုက် တာဝန်ရှိသူ လုပ်သင့်လုပ်ထိုက်တာကို အမှန်တကယ် လုပ်ကိုင်ဖြေရှင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြဖို့ ဦးမင်းအောင်လှိုင်က တိုက်တွန်းခဲ့ပါတယ်။

မြေပြင်မှာတော့ လုံခြုံရေးကြောင့် ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေဟာ လက်နက်အားကိုးနဲ့ ပြည်သူတွေအပေါ် ခြိမ်းခြောက် အကျပ်ကိုင်တာ၊ ငွေကြေးအဆမတန် တောင်းယူတာ၊ တရားမဝင် ကုန်ပစ္စည်းအကြောင်းပြချက်နဲ့ ကုန်ပစ္စည်း အများအပြား သိမ်းယူတာတွေ ရှိနေပါတယ်။

ဒေသခံပြည်သူတွေကတော့ စစ်ဆေးရေးဂိတ်တွေကို ထိရောက်စွာ ကိုင်တွယ်ဖို့ မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်ကို အောက်ခြေက အရာရှိတွေ ကိုင်တွယ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ်လို့ ပြောဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.