မော်လမြိုင် ၊ စက်တင်ဘာ ၁၄
ဝေဖန်မှုတွေ မြင့်တက်နေတာကြောင့် မွန်ပြည်နယ်အတွင်းရှိ အများပြည်သူ အသုံးပြုနေတဲ့ လမ်းပိုင်းတချို့ကို စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ဟန်ပြပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အများပြည်သူ အသုံးပြုနေတဲ့ လမ်ပိုင်းအများစု စစ်တပ် အသွင်ပြောင်း အစိုးရလက်ထက်မှာ ပြင်ဆင်မှု မရှိတဲ့အတွက် ဆိုးဆိုးဝါးဝါး ပျက်စီးလာတာကြောင့် သွားရေးလာရေး ဒုက္ခကြုံနေရပါတယ်။
အထူးသဖြင့် ပြည်ထောင်စုလမ်းပိုင်းတွေအပါအဝင် မြို့တွေရဲ့ အဓိက ကျတဲ့ လမ်းမကြီး၊ လမ်းသွယ်တွေ၊ လမ်းကြားတွေကအစ မိုးရွာသွန်းမှုနဲ့အတူ ပြင်ဆင်မှု မရှိတာကြောင့် ချိုင့်ခွက်ကြီးတွေ ဖြစ်ပေါ်နေတာပါ။
ဝေဖန်မှုတွေကြောင့် စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ အခုရက်ပိုင်းအတွင်း မော်လမြိုင်-မုဒုံ -သံဖြူဇရပ်လမ်းပိုင်းတချို့မှာ ချိုင့်ခွက်ဖာထေးတဲ့ ဟန်ပြပြင်ဆင်မှုတွေ လုပ်ဆောင်လာပါတယ်။
ဒါပေမယ့် မော်လမြိုင်-ရန်ကုန်လမ်းပိုင်းနဲ့ မြို့တွင်း လမ်းတွေကိုတော့ စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က ပြင်ဆင်မှုတွေ မလုပ်သေးတာကြောင့် ခရီးသွားကားများစု ဘီးပေါက်တာနဲ့ ယာဉ်မတော်ဆမှုတွေ မြင့်တက်လာပါတယ်။
ဒေသခံတွေကတော့ စစ်တပ် အသွင်ပြောင်း အစိုးရအနေနဲ့ အများပြည်သူ အသုံးပြုနေတဲ့ လမ်းပိုင်းတွေကို ဖာထေးတာထက် ထပ်ပိုးလွှာခင်းတာ ဒါမှမဟုတ် နိုင်လွန်ကတ္တရာခင်းကျင်းတာတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။
ဒါ့အပြင် အများပြည်သူ အသုံးပြုနေရတဲ့ လမ်းပိုင်းတွေကို BOT စနစ်နဲ့ လုပ်ပိုင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေကိုလည်း လမ်းတွေ ပြန်လည်ပြုပြင်ပေးဖို့ သတိပေးတာနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်တွေကို စိစစ်ကျပ်မတ်ဖို့ တိုက်တွန်းတာတွေ ရှိနေပါတယ်။
၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ ဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်းပေါင်း ၇၆၄၀၀ ကျော် သုံးစွဲခွင့်ရရှိထားပြီး အဲဒီထဲမှာ စည်ပင်သာယာရေးအဖွဲ့နဲ့ လမ်းဦးစီးဌာနဟာ ဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၀၀၀၀ ကျော်စီနဲ့ အများဆုံး သုံးစွဲခွင့်ရရှိထားပါတယ်။
ဒါပေမယ့် စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရဟာ လက်ရှိအချိန်ထိ အများပြည်သူ အသုံးပြုနေတဲ့ လမ်းပိုင်းအများစုကို ပြင်ဆင်တာတွေ မလုပ်သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်

