ဖနွမ်းပင် ၊ စက်တင်ဘာ ၁၃

အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ကိုယ်တိုင်ခန့်အပ်ထားတဲ့ သမ္မတရာထူးနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတချို့အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်အဖြစ် တစ်နိုင်ငံပြီး တစ်နိုင်ငံ လှည့်လည်သွားလာနေပါတယ်။

အိန္ဒိယကနေ အစပြုပြီး တရုတ်၊ ရုရှား၊ ဘယ်လာရုစ်နဲ့ အာဆီယံအဖွဲ့ဝင် လာအို၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေကို သွားရောက်ခွင့် ရရှိခဲ့မှုဟာ သူ ဦးဆောင်တဲ့ စစ်အစိုးရကို ထိုင်းနိုင်ငံကလွဲရင် ကျန်နိုင်ငံ‌တွေက တရားဝင် အသိအမှတ်ပြုထားကြတာပါ။

ဒါပေမယ့် အာဆီယံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကတော့ အာဏာသိမ်းမှုကို အရင်းခံပြီး အပိုင်းလိုက် ရွေးကောက်ပွဲကနေ အရပ်သားအသွင်ပြောင်းထားတဲ့ စစ်အစိုးရကို နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုခြင်း မရှိသေးပါဘူး။

အထူးသဖြင့် အာဆီယံထဲ ပြန်လည်ဝင်ဆံ့နိုင်ရေးနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ခန့် သမ္မတရဲ့ ပြည်ပခရီးစဉ်တွေအတွင်း စစ်အစိုးရကို အသိအမှတ်ပြု ထောက်ခံအားပေးတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံဘက်က ရပ်တည်ကူညီပေးသွားမယ်လို့ ပြောကြားထားကြတာပါ။

ဒါပေမယ့် အာဆီယံဘုံသဘောတူညီချက်ကိုတော့ အဲဒီခရီးစဉ်တွေမှာ တစ်နိုင်ငံချင်းစီအလိုက် ဆွေးနွေးတာ မတွေ့ရဘဲ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကိုသာ စစ်အစိုးရဘက်က ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အ‌ရေးဖြေရှင်းရာမှာ အာဆီယံကနေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်အစိုးရက လက်ရှိ အချိန်အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ တချို့ ပေးရုံကလွဲရင် ကျန်တဲ့ အချက်တွေကို လက်တွေ့ လိုက်နာ အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါ့အပြင် အဲဒီ ဘုံသဘောတူညီချက်နဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကနေ ပယ်ချကြောင်း အတည်ပြုထားသလို စစ်အစိုးရ ကိုယ်တိုင်ကလည်း လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ မကိုက်ညီတော့ဘူးဆိုတဲ့ သဘောမျိုး သက်ရောက်‌အောင် ကြိုးပမ်းလာနေတာပါ။

တဖက်မှာတော့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေပါတယ်ဆိုပြီး ကိုယ်တိုင်ခန့် သမ္မတက သူ့ရဲ့ ပြည်ပခရီးစဉ်တွေအတွင်း ကြွေးကြော်နေပေမယ့် လက်တွေ့မှာတော့ ပြန်လည်ဖော်ဆောင်ပေးနိုင်ခြင်း မရှိသေးသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း ရပ်တန့်မသွားခဲ့ပါဘူး။

ဒီလိုအခြေအနေမှာ အာဆီယံအနေနဲ့ စစ်အစိုးရကို ဒီအတိုင်း ပြန်လက်ခံမှာ မဟုတ်သလို ပြည်ပခရီးစဉ်တွေကလည်း စစ်တပ်ကို ပြန်ပြီး စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာလို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သုံးသပ်ပါတယ်။

“အာဆီယံကလည်း သူ့ကို ဘာမှ မလုပ်ဘဲ ဒီအတိုင်း ပြန်လက်ခံဖို့ဆိုတာ ပြဿနာရှိနေတယ်။ အဲဒီအတွက် ကျွန်တော်ထင်တာ‌ အခုခရီးစဉ်တွေကြောင့် အာဆီယံကိုတော့ လွယ်လွယ်လေးနဲ့တော့ ပြန်ဝင်လို့ ရမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာပြည်သူတွေထက် အသည်းအသန်စစ်တိုက်နေရတဲ့ သူ့ရဲ့ စစ်တပ်ကို ပြန်ပြီးတော့ Psywar (စိတ်ဓာတ်စစ်ဆင်ရေး) လုပ်နေတာပါ။ ငါတို့တတွေက နိုင်ငံတကာထောက်ခံမှုတွေ ရထားတယ် မင်းတို့တိုက်နေတဲ့ စစ်က တရားသော စစ်ဖြစ်တယ်။ အဲဒီ ရည်ရွယ်ချက်နဲ့သာ အတင်းကို နိုင်ငံတော် ဘဏ္ဍာငွေတွေကို သုံးဖြုန်းပြီးတော့ မရရတဲ့ နိုင်ငံတွေကို အတင်းလိုက်လည်ပြီးတော့ သံတမန်ရေးအရ တရားဝင်နေပါတယ်ဆိုတာကို လိုက်ပြီးတော့ ပြတာပါ”လို့ ဆိုပါတယ်။

လက်ရှိမှာ အာဆီယံအဖွဲ့ဝင် ဒေသတွင်းနဲ့ မိတ်ဘက် ၈ နိုင်ငံအထိ စစ်အစိုးရက သွားရောက်ထားပေမယ့် နဂိုကတည်းက ထောက်ခံပြီးသား နိုင်ငံတွေဖြစ်တာမို့ ထူးထူးခြားခြား ထင်သာမြင်သာတဲ့ သံတမန်ရေးရာ ပြောင်းလဲမှု ထပ်ရှိမှာ မဟုတ်သေးဘူးလို့ ဦးတိုးဇော်လတ်က ထောက်ပြပါတယ်။

အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံရှိတဲ့ထဲမှာ စစ်အစိုးရကို ဦးဆောင်တဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က လောလောဆယ်မှာ လေးနိုင်ငံလောက်သာ သွားရောက်ခွင့် ရရှိထားပြီး ကျန်တဲ့ အဖွဲ့ဝင်နိုင်ငံတွေအားလုံးကို ဆက်လက် သွားရောက်ခွင့် ရ မရ မသေချာ မရေရာသေးပါဘူး။

အထူးသဖြင့် ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး စစ်အစိုးရအပေါ် သဘောထားတင်းမာတဲ့ စင်္ကာပူနိုင်ငံက လာမယ့် ၂၀၂၇ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး ထိုင်းနိုင်ငံကတော့ ၂၀၂၈ ခုနှစ်မှာ ဆက်လက် တာဝန်ယူသွားဖို့ ရှိနေတာပါ။

တဖက်မှာတော့ ကမ္ဘောဒီးယားကို ရောက်ရှိနေတဲ့ ဦးမင်းအောင်လှိုင်ကို ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်က အာဆီယံမှာ မိမိတို့အနေနဲ့ မြန်မာနိုင်ငံဘက်က ရပ်တည်ထောက်ခံသွားမယ်လို့ ပြောဆိုကြောင်း စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ အားပေးသွားမှာဖြစ်သလို မြန်မာ့ပြည်တွင်းရေးကို လုံးဝ ဝင်မစွက်ဖက်ဘူးလို့ စက်တင်ဘာ ၁၁ ရက်နေ့က ဖနွမ်းပင်မြို့မှာ ပြုလုပ်တဲ့ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောကြားထားတာပါ။

ဒါ့အပြင် နိုင်ငံတကာမျက်နှာစာမှာ အပြန်အလှန် ရပ်တည်ထောက်ခံပေးမှု နှစ်နိုင်ငံအကြား ကာကွယ်ရေးနဲ့ လုံခြုံရေး အပါအဝင် ကျားဖြန့်တိုက်ဖျက်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှု စတဲ့ကဏ္ဍတွေအပြင် မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုအခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်အစိုးရက ဆိုပါတယ်။

‎နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုအပြန်အလှန်မြှင့်တင်နိုင်ရေးနဲ့ အကာအကွယ်ပေးရေး၊ အခွန်နှစ်ထပ်ကျသင့်မှုကနေ ရှောင်ရှားရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ သဘောတူစာချုပ်တွေနဲ့ ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွေလည်း လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံမှုမှာလည်း နှစ်နိုင်ငံ သံတမန်ဆက်ဆံ‌ရေးနဲ့ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့အပါအဝင် ပူးတွဲကော်မရှင်လို ယန္တရားတွေ ပြန်လည်စတင်သွားနိုင်ဖို့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီခရီးစဉ်မတိုင်မီ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံရေးအရ တရားဝင်မှု မပေးသင့်ကြောင်းနဲ့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ကို ဖမ်းဆီးလွှဲပြောင်းပေးဖို့ ICC အဖွဲ့ဝင် ကမ္ဘောဒီးယားနိုင်ငံကို စက်တင်ဘာ ၁၀ ရက်နေ့က တိုက်တွန်းတောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-HOS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.