မော်လမြိုင် ၊ စက်တင်ဘာ ၁၃

စစ်တပ် အသွင်ပြောင်း အစိုးရ အုပ်ချုပ်နေရတဲ့ မွန်ပြည်နယ်မှာ လုံခြုံမှု ပိုမိုကင်းမဲ့လာပြီး စိုးရိမ်ခြောက်ခြားစိတ်နဲ့ နေထိုင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောလာပါတယ်။

စစ်တပ် အာဏာမသိမ်းခင်က အစည်းကာဆုံး ဖြစ်ခဲ့တဲ့ မွန်ပြည်နယ်ဟာ အာဏာသိမ်း ငါးနှစ်ကျော်ကာလအတွင်းမှာတော့ ဒုစရိုက်မှုတွေ၊ လုယက်သတ်ဖြတ်မှုတွေ၊ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် လုံခြုံမှု ကင်းမဲ့သွားတဲ့ အခြေအနေကို ဆိုက်ရောက်လာပါတယ်။

အထူးသဖြင့် ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်နေတဲ့ စစ်တပ် အသွင်ပြောင်း အစိုးရလက်ထက်မှာလည်း ဒုစရိုက်မှုတွေ၊ ဓားပြတိုက်မှုတွေ၊ အုပ်စုဖွဲ့ ခိုးဆိုးလုယက်မှုတွေ၊ ပြန်ပေးဆွဲ ရောင်းစားမှုတွေအပြင် ဥပဒေမဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ် ဖြစ်ပွား နေတာပါ။

စက်တင်ဘာ ၁၁ ရက်နေ့ကလည်း အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ မုဒုံမြို့နယ် တာပသွန်ကျေးရွာအနီး မော်လမြိုင် – မုဒုံကားလမ်းမှာ ခရီးသွားကား သုံးစီး ဓားပြတိုက်ခံရတာကြောင့် ဖုန်း၊ရွှေနဲ့ငွေအပါအဝင် ကာလတန်းဖို သိန်းရာချီ ပါသွားတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့ကလည်း လမိုင်းမြို့မှာ အမျိုးသား တစ်ဦး သေနတ်ပြပြီး ကားလုယက်တာ၊ ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့ မှာလည်း ဩဂုတ် ၂၈ ရက်နေ့က လက်နက်ကိုင်လူစုက ဓားပြဝင်တိုက်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားထားပါတယ်။

မွန်ဒေသခံ တစ်ဦးကတော့ လုံခြုံမှု ပိုမို ကင်းမဲ့လာတာကြောင့် ည ၇ နာရီ ကျော်တောင် အပြင်ထွက်တဲ့ လူတောင် မရှိတော့သလို နေခင်းကြောင်တောင်မှာပါ ပေါ်တာဆွဲနေတဲ့အတွက် ဘယ်မှမသွားရဲတဲ့ အခြေအနေတွေ ဖြစ်လာပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုဆိုရင်တော့ ပိုပြီးတော့ ကင်းမဲ့တာပေါ့။ကျွန်တော်တို့ မြို့မှာဆို ည ၇ နာရီကျော် လောက်ဆို လူတောင် မရှိတော့ဘူး။ နေ့ခင်းကြောင်တောင် ပေါ်တာဝင်ဆွဲတာ ရှိတယ်။ ဟိုတာလည်း သွားမရဲ ဒီတာလည်း သွားမရဲ အဲလိုမျိုးပေါ့။တချို့ဆို အလုပ်ပြန်မယ့် လူတွေတောင်မှ အလုပ်တွေ နှောက်နှေး သွားတာပေါ့။ စောစောစီးစီး ပြန်တာတို့ ဘာတို့ပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသတွင်းမှာ လုံခြုံမှု မရှိတော့ တာကြောင့် စားဖို့သောက်ဖို့အတွက် အပြင်ထွက်ပြီး အလုပ် လုပ်ကိုင်ဖို့တောင် အခက်အခဲ ရှိလာသလို အခုလို အခက်အခဲ ရှိလာတာကြောင့် ပြည်သူတွေ ကျပ်တည်းသထက် ကျပ်တည်းလာနေပြီး ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

မွန်ဒေသခံ လူငယ်တစ်ဦးကလည်း လုံခြုံမှု ပိုမိုကင်းမဲ့ လာတဲ့အတွက် ညပိုင်းတွေမှာ မထွက်ရဲတဲ့အပြင် နေ့ပိုင်းတွေကအစ အဖော်မပါဘဲ မသွားရဲတဲ့ အခြေအနေတွေ ဖြစ်လာပြီး အားကိုးစရာ မဲ့လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တော်တော်လေးကို ခြောက်ခြားစရာ ကောင်းပြီးတော့ လူငယ်တွေဆို အခုဆိုရင် အပြင် ညပိုင်း မထွက်ရဲဘူး။ နေ့ပိုင်းဆိုရင်လည်း အဖော် မပါဘဲ မသွားရဲတဲ့ ဘဝ ဖြစ်နေတယ်။ ကိုယ့်လုံခြုံရေး ကိုယ်တာဝန် ယူရဖို့လည်း ကိုယ်ကိုတိုင်က မလုံခြုံဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ ဒီမွန်ပြည်နယ်က တော်တော်လေး ဆိုးဆိုးရွားရွားကြီးကို ဖြစ်နေတယ်။ ကျွန်တော်တို့မှာ အားကိုးစရာ မဲ့နေတယ်” လို့ ဆိုပါတယ်။

တဖက်မှာတော့ ဒေသတွင်းမှာ လုံခြုံမှု မရှိတဲ့ အတွက် ဒုစရိုက်မှုတွေ ကျူးလွန်တဲ့ နေရာမှာ စစ်အစိုးရ လက်အောက်ခံ ဌာနဆိုင်ရာတွေက ဝန်ထမ်းတွေပါ လိုက်ပါ ကျူးလွန်မှုတွေ ပြုလုပ်လာတာ ကြောင့်လည်း ပြည်သူတွေရဲ့ လုံခြုံမှု ပိုမိုဆိုးရွား လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း မွန်ပြည်နယ် တရားလွှတ်တော်ရုံးက ဝန်ထမ်းကို သံလွင်တံတားမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦးက ခေါ်ဆောင်ကာ မုဒုံမြို့နယ်ဘက်မှာ ကျပ် ၅ သိန်းနဲ့ ရောင်းချတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တာကြောင့် ဒုစရိုက်မှုတွေ ကျူးလွန်ရာမှာ စစ်အစိုးရ လက်အောက်ခံ ဝန်ထမ်းတွေ ပါဝင်နေတယ်ဆိုတာကို ပြသနေတာပါ။

မွန်ပြည်နယ်မှာတော့ အခုလို လုံခြုံမှု ကင်းမဲ့ပြီး တရားဥပဒေ စိုးမိုးမှုတွေ မရှိတော့တဲ့အပေါ် အာဏာသိမ်း စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် စစ်အစိုးရကတော့ တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ ဖြေရှင်းပေးတာမရှိဘဲ လျစ်လျူရှူထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.