မုဒုံ၊ စက်တင်ဘာ ၁၃

မွန်ပြည်နယ် မုဒုံမြို့ပေါ်မှာ ပြည်သူ့စစ်မှုထမ်း သင်တန်းအတွက် ညပိုင်းပေါ်တာဆွဲမှု ပိုများလာတာကြောင့် လူငယ်တွေ အပြင်မထွက်ရဲတော့တဲ့ အခြေအနေ ဖြစ်လာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်၊ ရဲနဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ စက်တင်ဘာလဆန်းပိုင်းကစလို့ မုဒုံမြို့ပေါ်နဲ့ကျေးရွာအဆင်းလမ်းတွေမှာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

အခုရက်ပိုင်းအတွင်း မုဒုံမြို့မှာ စစ်မှုထမ်း ပေါ်တာဆွဲခံရသူ ၁၀ ဦးထက်မနည်းရှိနေပြီး ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကို မိသားစုဝင်တွေလည်း စုံစမ်းမရဖြစ်နေတယ်လို့ ဆိုပါတယ်။

အရင်က မုဒုံမြို့မှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာမျိုးမရှိတာကြောင့် လူငယ်တွေ ည ၁၂ နာရီလောက်အထိ အပြင်ထွက် သွားလာတာ ရှိနေပေမယ့် အခုနောက်ပိုင်းမှာ အပြင်ထွက် သွားလာသူ မရှိသလောက် နည်းပါးလာတာပါ။

အလားတူ မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊သထုံ၊ ကျိုက်မရောနဲ့ရေးမြို့နယ်တို့မှာ အာဏာသိမ်း စစ်တပ်က ဒေသတွင်းက လူငယ်တွေကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့သူတွေကို တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ကနေ သိန်း ၂၀၀ အထိ ပြန်ရွေးခိုင်းနေပြီး မရွေးနိုင်တဲ့ စစ်မှုထမ်း အကြုံးဝင်သူတွေကို စစ်မှုထမ်း သင်တန်းတွေထံ ပို့ဆောင်နေတာပါ။

အာဏာသိမ်း စစ်တပ်ရဲ့ စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် ဒေသတွင်းမှာ လုံခြုံမှု ပိုမိုကင်းမဲ့လာပြီး ပြည်သူတွေဟာ စိုးရိမ်ခြောက်ခြားစိတ်တွေနဲ့ နေထိုင်နေရတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်တပ် လစဉ် ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၈ အထိ ဒေသတွင်းက လူငယ် ၅၈၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.