မုဒုံ၊ စက်တင်ဘာ ၁၂
မွန်ပြည်နယ် မုဒုံမြို့နယ် တာပသွန်ကျေးရွာ သစ်တောပျိူးဥယျာဉ်ခြံအနီး မော်လမြိုင်-မုဒုံကားလမ်းမှာ ခရီးသွားကား သုံးစီး ဓားပြတိုက်ခံရတာကြောင့် ငွေကျပ် သိန်းရာချီ ပါသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်လောက်မှာ မော်လမြိုင်ဘက်ကနေ မုဒုံဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်ကားတစ်စီးနဲ့အိမ်စီးကား နှစ်စီးကို လက်နက်ကိုင်ထားတဲ့ လူတစ်စုက သေနတ်ပြပြီး ဓားပြတိုက်ခဲ့တာပါ။
မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ လက်နက်ကိုင်ထားတဲ့ လူ ခြောက်ဦးဟာ ကားတွေကို စစ်ဆေးတဲ့ ပုံစံမျိုး ပြုလုပ်ပြီးနောက် ဓားပြသွားတာလို့ ဆိုပါတယ်။
ခရီးသွားကား သုံးစီး ဓားပြတိုက်ခိုက်ခံရတာကြောင့် ဖုန်း၊ ရွှေနဲ့ငွေအပါအဝင် ကာလတန်းဖို ကျပ်သိန်းရာချီ ပါသွားတယ်လို့ သိရပါတယ်။
မော်လမြိုင်-မုဒုံလမ်းပိုင်းဟာ အာဏာသိမ်း စစ်တပ် အပြည့်အဝ ထိန်းချုပ်ထားတဲ့ လမ်းပိုင်းဖြစ်ပြီး အဲဒီလမ်းပိုင်းမှာ စစ်တပ်ရဲ့ အခြေစိုက်တပ်ရင်း သုံးရင်းထက်မနည်း ရှိနေပါတယ်။
ဓားပြတိုက်ခံရတဲ့နေရာဟာ လူသူပြတ်လပ်တဲ့နေရာမဟုတ်ဘဲ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တာကြောင့် အများပြည်သူတွေဟာ ခရီးသွားလာဖို့ပင် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာပါတယ်။
ဓားပြတိုက်မှု ဖြစ်ပွားပြီးနောက် စက်တင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းအထိ စစ်တပ်ဘက်က လိုက်လံရှာဖွေတာ မရှိသလို ဓားပြတိုက်သူတွေလည်း လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
စစ်တပ်အပြည့်အဝ ထိန်းချုပ်ထားတဲ့ မော်လမြိုင်မြို့ပေါ်နဲ့အနီးဝန်းကျင်တွေမှာ ပြီးခဲ့တဲ့လကစလို့ ဓားပြမှု၊ လုယက်မှုတွေ မကြာခဏဖြစ်လာတဲ့အပေါ် ဒေသခံတွေက မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်နေ့ကလည်း မော်လမြိုင်မြို့ပေါ် ကိုကိုညီညီလျှပ်စစ်ပစ္စည်း ဆိုင်နေအိမ် ဓားပြတိုက်ခံရပြီး ကျပ်သိန်းပေါင်း ၅၀၀၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းတွေ ပါသွားပြီး တရားခံလို့ယူဆရသူ ၆ ဦးကိုတော့ ဖမ်းဆီးရမိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

