တနင်္သာရီ၊ စက်တင်ဘာ ၁၂
တနင်္သာရီတိုင်းမှာ အခုနှစ် ရှစ်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၃၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကနေ စက်တင်ဘာ ၁၁ ရက်နေ့အထိ တနင်္သာရီတိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၂၂ ဦး စုစုပေါင်း ၃၄ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တာပါ။
သေဆုံးသူတွေထဲမှာ ၁၆ ဦးဟာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ပြီး အဲဒီကာလအတွင်းမှာ သေဆုံးခဲ့ပြီး အတည်ပြုဖို့ လိုအပ်နေတဲ့ အရပ်သား ၄၄ ဦးရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းထားတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၈ ရက်နေ့ကလည်း တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် သရက်နှစ်ခွနဲ့ သင်းကျွန်းကျေးရွာကြားမှာ စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးရာမှ လက်နက်ကြီး လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျည်ကွယ်ရာမှာ ပုန်းအောင်နေတဲ့ သရက်နှစ်ခွကျေးရွာက ဒေါ်မြင့်မော် ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါ။
သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi အဖွဲ့ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေအပြင် တော်လှန်ရေးအင်အားစုတွေရဲ့ ဒလန်ရှင်းလင်းရေး လုပ်ငန်းတွေကြောင့် အရပ်သားပြည်သူ ၉၃၀ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

