အိုးဘို၊ စက်တင်ဘာ ၁၄

နိုင်ငံတဝန်းရှိ အာဏာသိမ်းစစ်တပ် လက်အောက်ခံ အကျဉ်းဦးစီးဌာနရဲ့ အကျဉ်းထောင် ၁၃ ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဈေးဘားနဲ့ ငွေကြေး မတရား ခေါင်းပုံဖြတ်ကောက်ယူနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။

အကျဉ်းထောင် ၁၃ ခုမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ ပေးပို့တဲ့ တရားဝင်ဈေးဘားသွင်းငွေတွေနဲ့ ထောင်ဝင်စာပါဆယ်တွေကို နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်ကောက်ခံမှုတွေ ပြုလုပ်နေတဲ့အပြင် ဆေးဝါးပေးပို့မှုတွေကိုလည်း ကန့်သတ်ပိတ်ပင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အကျဉ်းထောင်တွေထဲက အိုးဘို၊ မိတ္ထီလာ၊ တောင်ငူ၊ ကျိုက်မရော၊ ဒိုက်ဦး၊ ပြည်၊ မြင်းခြံ၊ ရွှေဘိုနဲ့ ပေါင်းတည်အကျဉ်းထောင်မှာ ထောင်ဝင်စာပါဆယ်ပေးပို့ပါက ပါဆယ်အိတ်ခ ကျပ် ၁၅၀၀ မှ ၂၀၀၀ ကျပ်အထိ၊ စာရွက်စာတမ်းခ ကျပ် ၅၀၀ နှ ၁၅၀၀၀ ကျပ်အထိ မတရား ကောက်ခံနေတဲ့အပြင် မိသားစုဝင်မဟုတ်သူတွေ ပေးပို့ပါက အပိုဆောင်းငွေကြေး တောင်းခံနေပါတယ်။

ဆေးဝါးပေးပို့မှုမှာလည်း ဆေးအပြည့်အဝ မရောက်ရှိတဲ့ ဖြစ်စဉ်တွေရှိတဲ့အပြင် အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေထံ ဆေးပါဆယ်ရောက်ရှိတာ ကြန့်ကြာနေမှု အဆိုးရွာဆုံးဖြစ်ပြီး အခြားထောင်တွေမှာလည်း စနတ်တကျ ပိတ်ပင်ဖြတ်တောက်မှုတွေ ရှိတယ်လို့ PPNM က ဆိုပါတယ်။

ဒါကြောင့် အကျဉ်းထောင် ၁၃ ခုရှိ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေအပေါ် နည်းလမ်းမျိုးစုံနဲ့ မတရားခေါင်းပုံဖြတ် ငွေကြေးကောက်ခံမှုတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှုတွေကို PPNM အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.