စင်ကာပူ ၊ စက်တင်ဘာ ၁၄
ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ကြား တန်ဖိုးများတဲ့ ရေပြင် အရင်းအမြစ်တွေနဲ့ ပတ်သက်လို့ ကာလကြာရှည် အငြင်းပွားမှုအတွက် အခုသီတင်းပတ်အတွင်း စင်ကာပူနိုင်ငံမှာ နိုင်ငံတကာ ကြားဝင် ညှိနှိုင်းပေးသူတွေရှေ့ ကြားနာ စစ်ဆေးမှာ ဖြစ်ပါတယ်။
ဒါက ဆက်ဆံရေး မပြေလည်တဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြား နောက်ဆုံး အငြင်းပွားမှု ဖြစ်ပါတယ်။
ထိုင်းက ထိုင်းပင်လယ်ကွေ့မှာ စွမ်းအင် ထုတ်ယူသုံးစွဲရေး ကမ်းလွန် ပူးပေါင်း လုပ်ကိုင်ရေး ဆောင်ရွက်မှုအတွက် သဘောတူညီမှုက နုတ်ထွက်လိုက်ပြီးနောက် ဖနွမ်းပင်က အငြင်းပွားမှု ဖြေရှင်းရေး အမြဲတမ်း တရားရုံးမှာ ကုလသမဂ္ဂ ထောက်ခံတဲ့ ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို စတင်ခဲ့ပါတယ်။
၂၀၀၁ နားလည်မှု စာချွန်လွှာအရ ကမ္ဘောဒီးယားနဲ့ ထိုင်း နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်တယ်လို့ ပြောထားတဲ့ စတုရန်း ကီလိုမီတာ ၂၇၀၀၀ ကျယ်တဲ့ ရင်းမြစ်ကြွယ်ဝတဲ့ ဒေသနဲ့ ပတ်သက်လို့ နားလည်မှု ရယူထားတာ ဖြစ်ပါတယ်။
အဲဒီ နားလည်မှု စာချွန်လွှာ အကောင်အထည်ဖော်မှုတွေ တိုးတက်မှု မရှိဘူးလို့ ထိုင်းက မေလအတွင်းမှာ ပြောကြားခဲ့ပြီး သဘောတူညီမှုကနေ တစ်ဖက်သတ် နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို နုတ်ထွက်တာဟာ အိမ်နီးချင်း ကမ္ဘောဒီးယားနဲ့ နယ်စပ် အငြင်းပွားမှုကြောင့် မဟုတ်ဘူးလို့ ထိုင်း ဝန်ကြီးချုပ် အနုတင်က ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံ နယ်စပ်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး လူဒါဇင်ပေါင်းများ စွာ သေဆုံးခဲ့သလို လူငါးသိန်းကျော် စစ်ဘေးရှောင်ခဲ့ရပါတယ်။
အဲဒီနောက် ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ် ရယူခဲ့ပြီး ကမ္ဘောဒီးယားက ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ပြန်လည် လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံကြား အဲဒီ ရေပြင်ဒေသနဲ့ ပတ်သက်လို့ အငြင်းပွားနေတာဟာ ဆယ်စုနှစ် နှစ်ခုကျော် ကြာနေပြီ ဖြစ်ပါတယ်။
မိမိတို့ရဲ့ လုပ်ဆောင်ချက်ဟာ ကမ္ဘောဒီးယားရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ရေး နိုင်ငံတကာ ဥပဒေနဲ့ အညီ ရေပြင်ဆိုင်ရာ အခွင့်အရေးတွေကိုကာကွယ်ရေးအတွက် ဖြစ်တယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန် မာနက်က ဇွန်လအတွင်းမှာ ပြောဆိုခဲ့တာပါ။
နှစ်နိုင်ငံ ကိုယ်စားလှယ်တွေအနေနဲ့ စင်ကာပူရှိ ကမ္ဘာ့ သက်တမ်း အရင့်ဆုံး အငြင်းပွားမှု ဖြေရှင်းရေး တရားရုံးရဲ့ ရုံးမှာ နိုင်ငံတကာ ဥပဒေပညာရှင်တွေ ပါဝင်တဲ့ ပြန်လည် ရင်ကြားစေ့ရေး အဖွဲ့ဝင် ၅ ဦး ရှေ့မှောက် စက်တင်ဘာ ၁၅ ရက်မှာ ထွက်ဆိုချက်တွေ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက် ဆိုခွန်နဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီရာဆက်တို့ အဲဒီ ကြားနာပွဲသို့ တက်ရောက်ကြမယ်လို့ မျှော်လင့်ရပါတယ်။
Ref:AFP

