ဝါရှင်တန် စက်တင်ဘာ ၁၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်နိုင်ငံအတွင်း ဒီဇယ်ဆီဈေးတွေ မကြာသေးခင်က စံချိန်တင်အထိ မြင့်တက်လာတာဟာ အီရန်နဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့်မဟုတ်ဘဲ ရုရှား–ယူကရိန်းစစ်ပွဲကြောင့် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

သမ္မတထရန့် က စက်တင်ဘာ ၁၄ ရက် လူမှုကွန်ရက်ပေါ်မှာ ရေးသားရာမှာ ယူကရိန်းဘက်က ရုရှားရဲ့ စွမ်းအင်ဆိုင်ရာပစ်မှတ်တွေကို မတိုက်ခိုက်ဖို့ သဘောတူထားပြီး ရုရှားဘက်ကလည်း ယူကရိန်းရဲ့ စွမ်းအင်အဆောက်အအုံတွေကို မတိုက်ခိုက်ဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။

အိုင်ယာလန်နိုင်ငံကို ရောက်ရှိနေချိန်မှာလည်း ထရန့်က ယူကရိန်းအနေနဲ့ ရုရှားရဲ့ ဒီဇယ်စက်ရုံတွေကို တိုက်ခိုက်တာ ရပ်တန့်သင့်တယ်လို့ ပြောခဲ့ပြီး လက်ရှိ ဒီဇယ်ရှားပါးမှုဟာ အရှေ့အလယ်ပိုင်းကြောင့်မဟုတ်ဘဲ ရုရှား–ယူကရိန်းစစ်ပွဲကြောင့် ဖြစ်တယ်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။

တဖက်မှာတော့ ထရန့်က အီရန်နဲ့ သဘောတူညီချက်ရရှိနိုင်ရေးအကြောင်းလည်း ပြန်လည်ပြောဆိုခဲ့ပါတယ်။ အီရန်ဟာ အမေရိကန်နဲ့ သဘောတူညီချက်ရဖို့ အလွန်အမင်း လိုလားနေတယ်လို့ဆိုပြီး အမေရိကန်အနေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဝင်မဝင်ကို သူကိုယ်တိုင် ဆုံးဖြတ်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အီရန်နဲ့ ဆွေးနွေးဖို့အတွက်တော့ “လမ်းဖွင့်ထားဆဲ” ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ပြည်တွင်းမှာ ဒီဇယ်ဈေးဟာ လူနေမှုစရိတ်မြင့်တက်မှုကို တိုင်းတာရာမှာ အရေးကြီးတဲ့ အညွှန်းတစ်ခုဖြစ်ပြီး လက်ရှိမှာ တစ်ဂါလန်ကို ၆ ဒေါ်လာကျော်အထိ စံချိန်တင် မြင့်တက်လာပါတယ်။

ထရန့်က အီရန်ပဋိပက္ခနဲ့ ဒီဇယ်ဈေးမြင့်တက်မှုကြား ဆက်စပ်မှုကို ပယ်ချထားပေမဲ့ ကျွမ်းကျင်သူတွေကတော့ အီရန်စစ်ပွဲဟာ ကမ္ဘာ့လောင်စာဆီထောက်ပံ့မှု တင်းကျပ်လာစေတဲ့ အဓိကအကြောင်းအရင်းတစ်ခုလို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ဒီဇယ်အဓိကတင်ပို့တဲ့ ရုရှားနိုင်ငံရဲ့ ရေနံချက်စက်ရုံတွေကို ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကလည်း ဒီဇယ်ဈေးတက်လာမှုကို ပိုမိုဆိုးရွားစေတယ်လို့ ဆိုပါတယ်။

အမေရိကန်မှာ ကြားဖြတ်ရွေးကောက်ပွဲတွေ နီးကပ်လာချိန်မှာ ဒီဇယ်နဲ့ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှုအတွက် ထရန့်အစိုးရအပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ ထရန့်ကတော့ ဒီဇယ်ဈေးမြင့်တက်မှုကို သူစတင်ခဲ့တဲ့ အီရန်ပဋိပက္ခထက် ယခင်ကတည်းက ဖြစ်ပွားနေတဲ့ ရုရှား–ယူကရိန်းစစ်ပွဲနဲ့ ဆက်စပ်ပြောဆိုလာတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အီရန်က အမေရိကန်နဲ့ အလျင်အမြန် သဘောတူညီချက်ရယူလိုနေတယ်ဆိုတဲ့ ထရန့်ရဲ့ ပြောဆိုချက်ဟာ ကမ္ဘာ့ရေနံဈေးတွေ မကြာခင် ပြန်လည်တည်ငြိမ်လာနိုင်တယ်ဆိုတဲ့ သူ့ရဲ့ ရပ်တည်ချက်ကို အားကောင်းစေဖို့ ရည်ရွယ်ထားပုံရပါတယ်။

ဒါပေမယ့် အဲဒီနေ့မှာပဲ ရေနံဈေးတွေက ဆက်လက်မြင့်တက်ခဲ့ပြီး Brent ရေနံစိမ်းဈေးဟာ တစ်စည်ကို ၁၀၅ ဒေါ်လာကျော်၊ WTI ရေနံဈေးက ၁၀၁ ဒေါ်လာကျော်အထိ ရောက်ရှိခဲ့ပါတယ်။

Ref:mbiz

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.