ဝါရှင်တန် စက်တင်ဘာ ၁၅

အမေရိကန်က ကမ္ဘာ့ဂြိုဟ်ပတ်လမ်းမှာ အာကာသ လက်နက် ထားရှိလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ပြီး အဲဒီလို တိုက်ခိုက်ရေး လက်နက် ချထားကြောင်း ဒါဟာ ပထမဆုံးအကြိမ် အသိပေးလိုက်တာ ဖြစ်ပါတယ်။

ဂြိုဟ်ပတ်လမ်းပေါ်ရှိ လက်နက်ဟာ ရန်သူတွေရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကနေ အမေရိကန် တပ်ဖွဲ့တွေကို ကာကွယ်ရေး လိုအပ်တယ်လို့ အမေရိကန် လေတပ် ဝန်ကြီး ထရွိုင်း မင့်စ်က ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်က လေတပ်၊ အာကာသနဲ့ ဆိုက်ဘာ ညီလာခံမှာ ပြောကြားရာမှာ အမေရိကန်အနေနဲ့ ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေအတွက် အသင့် ပြင်ဆင်ထားတယ်လို့ လေတပ်ဝန်ကြီး မင့်စ်ကပြောပါတယ်။

ဒါပေမဲ့ သူက အာကာသထဲမှာ ထားရှိလိုက်တယ်ဆိုတဲ့ လက်နက်ရဲ့ စွမ်းပကားနဲ့ ဘယ်အချိန်က ချထားလိုက်တယ်ဆိုတာကို ပြောမသွားပါဘူး။

အကြီးတန်း စစ်ဖက်ဆိုင်ရာ အရာရှိတွေက သူတို့အနေနဲ့ အာကာသထဲမှာ စစ်အင်အား တိုးမြှင့်ဖို့ စီစဉ်ထားကြောင်း အရင်က ပြောထားပါတယ်။

အနာဂတ်မှာ ပဋိပက္ခ ဖြစ်လာရင် အမေရိကန် ဂြိဟ်တုတွေကို တိုက်ခိုက် နှောင့်ယှက်ရေး နည်းလမ်းတွေကို တရုတ်နဲ့ ရုရှားက စီမံကိန်းတွေနဲ့ အကောင်အထည် ဖော်ထားတယ်လို့ အမေရိကန် စစ်ဖက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

အမေရိကန် ဒုံးကျည်တွေနဲ့ တခြား လေကြောင်း အန္တရာယ်တွေကို ကာကွယ်ရေး ရွှေရောင် ဒုံးကာစနစ် အကောင်အထည်ဖော်မယ့် အစီအစဉ်မှာ အာကာသ ကာကွယ်ရေး စွမ်းပကားတွေနဲ့ ဒုံးဖျက်ဒုံးတွေလည်း ပါဝင်တယ်လို့ ထရန့် အစိုးရက ပြောထားပါတယ်။

၁၉၆၇ သဘောတူညီမှုအရ ဂြိုဟ်ပတ်လမ်းထဲ ဖျက်အားပြင်း လက်နက်တွေ ချထားမှုကို တားမြစ်ထားပါတယ်။

အဲဒီနောက်ပိုင်းမှာ အမေရိကန်၊ ရုရှားနဲ့ တရုတ် အပါအဝင် အဓိက အင်အားကြီး နိုင်ငံတွေက သဘောတူညီမှု ပြင်ပမှာ တခြား စစ်ရေး စွမ်းပကားတွေ ပိုင်ဆိုင်ရေး လေ့လာခဲ့ကြပါတယ်။

စစ်ဖက်ဆိုင်ရာ ဆက်သွယ်မှုတွေ၊ စောင့်ကြည့် ထောက်လှမ်းမှုတွေနဲ့ သွားလာ ပျံသန်းမှုတွေအတွက် အရေးပါတဲ့ ပြိုင်ဖက်တွေရဲ့ ဂြိုဟ်တုတွေကို ပစ်မှတ်ထားမယ့် အစီအစဉ်တွေ အပြိုင်အဆိုင် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

အမေရိကန် အာကာသ တပ်ဖွဲ့ဟာ ပိုင်ဆိုင်မှုတွေကို ကာကွယ်ရုံ သက်သက် မဟုတ်ဘဲ တိုက်ခိုက်ရေး တပ်ဖွဲ့လည်း ဖြစ်တယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က ပြီးခဲ့တဲ့ နှစ်မှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန် စစ်တပ်မှာ ဌာနအသစ်အနေနဲ့ နှစ်ပေါင်း ၇၀ ကျော်အတွင်း အသစ် ဖွဲ့ထားတဲ့ အမေရိကန် အာကာသ တပ်ဖွဲ့ကို ၂၀၁၉ ခုနှစ် စတင်ဖွဲ့စည်းခဲ့ပြီး ဆက်သွယ်ရေးနဲ့ စောင့်ကြည့် ထောက်လှမ်းရေးအတွက် အသုံးပြုတဲ့ ရာပေါင်းများစွာသော ဂြိုဟ်တုတွေ အပါအဝင် အာကာသထဲရှိ အမေရိကန် ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ ဖွဲ့စည်းတာ ဖြစ်ပါတယ်။

အာကာသ ကြီးစိုးမှုကို ထိန်းချုပ်ရေး ယှဉ်ပြိုင်နိုင်ရေး လိုအပ်တဲ့ မစ်ရှင် နယ်ပယ်တွေကို အာကာသ ထိန်းချုပ်ရေးအဖွဲ့က အတိုဆုံး အရှင်းဆုံး ဖော်ပြထားတယ်လို့ အမေရိကန် အာကာသ တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

လိုအပ်ရင် နှောင့်ယှက်ဖို့၊ အဆင့်လျော့ကျအောင် လုပ်ဆောင်ဖို့ ဖျက်ဆီးပစ်ဖို့တွေ လုပ်ဆောင်ပြီး ရန်သူတွေရဲ့ စွမ်းပကားတွေကို ထိခိုက်အောင် ရွေ့လျားတဲ့ လက်နက်တွေရော မရွေ့လျားတဲ့ လက်နက်တွေပါ ချထားမှာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အဲဒီ လက်နက်တွေကို အမိန့်ပေး ညွှန်ကြားချက်တွေအရ တိုက်ခိုက်ရေးအတွက်ရေး ကာကွယ်ရေးအတွက်ပါ ချထားနိုင်တယ်လို့လည်း သူက ပြောပါတယ်။

၂၀၂၂ ဖေဖော်ဝါရီလ စောစောပိုင်းက ယူကရိန်းကို ရုရှား စတင် ကျူးကျော် တိုက်ခိုက်ပြီး နောက်ပိုင်း ဥရောပ ဂြိုဟ်တု တစ်ဒါဇင်လောက်ရဲ့ ဆက်သွယ်မှုတွေကို ရုရှား ဂြိုဟ်တုနှစ်လုံးက ကြားဖြတ် ရယူခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို အချက်အလက် ပို့လွှတ်မှုတွေကို ကြားဖြတ် ရယူခဲ့တာကြောင့် ဥရောပ ဂြိုဟ်တုတွေ ထုတ်လွှတ်တဲ့ ဆက်သွယ်မှု အရေးကြီး အချက်အလက်တွေကို ရုရှားက ရယူနိုင်ခဲ့ဖွယ်ရှိပြီး ဂြိုဟ်တုတွေကို ထိန်းချုပ်ဖို့အထိ လုပ်ဆောင်လာနိုင်ပါတယ်။

ရုရှားက တခြား ဂြိုဟ်တုတွေကို တိုက်ခိုက်နိုင်လောက်တယ်လို့ ယုံကြည်ရတဲ့ ဂြိုဟ်တု တစ်လုံးကို လွှတ်တင်ထားတယ်လို့ အမေရိကန်က ၂၀၂၄ ခုနှစ် အတွင်း ပြောကြားခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ရုရှားဘက်က လူသိရှင်ကြား ပြောဆိုမှု မလုပ်ခဲ့ပါဘူး။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.