ဝါရှင်တန်၊ စက်တင်ဘာ ၁၅

အချင်းချင်း စွမ်းအင် အဆောက်အဦတွေကို ပစ်မှတ်ထား မတိုက်ခိုက်ရေး ယူကရိန်းနဲ့ ရုရှား သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က စက်တင်ဘာ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။

ရုရှား ရေနံ သန့်စင်စက်ရုံတွေကို တိုက်ခိုက်မှုကြောင့် ယူကရိန်းကို သူက ပြစ်တင် ဝေဖန်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ သူက အခုလိုမျိုး ပြောဆိုလာတာပါ။

ရုရှားရဲ့ စွမ်းအင် ပစ်မှတ်တွေကို မတိုက်ခိုက်ဖို့ ယူကရိန်းက သဘောတူထားပြီး ရုရှားကလည်း အလားတူ မတိုက်ခိုက်ဖို့ သဘောတူထားတယ်လို့ ထရန့်က သူ့ရဲ့ Truth Social လူမှုမီဒီယာ အကောင့်မှာ ရေးပါတယ်။

ကမ္ဘာ့ ရေနံ ဈေးနှုန်း မြင့်တက်မှုဟာ အီရန် စစ်ပွဲကြောင့် မဟုတ်ဘဲ ရုရှား-ယူကရိန်း စစ်ပွဲကြောင့် အများဆုံး မြင့်တက်နေတာ ဖြစ်တယ်လို့လည်း ထရန့်က ပြောပါတယ်။

အခုလို ထရန့်ရဲ့ ပြောဆိုမှုကို ယူကရိန်း သမ္မတရုံးက မှတ်ချက်ပေးဖို့ ငြင်းဆိုထားပြီး မော်စကိုကလည်း တုံ့ပြန်မှု မရှိသေးပါဘူး။

အီရန် စစ်ပွဲ သတ္တမမြောက်လထဲ ဝင်ရောက်လာပြီး ရေနံဈေးနှုန်း ဆက်လက် မြင့်တက်နေချိန် ထရန့်က အခုလို ပြောကြားတာ ဖြစ်ပါတယ်။

အမေရိကန်မှာလည်း လောင်စာ ဈေးနှုန်း ဆက်လက် မြင့်တက်နေပြီး အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းပတ်ပိုင်းအလိုမှာ ငွေဖောင်းပွမှုလည်း မြင့်တက်နေပါတယ်။

သက်တမ်းဝက် ရွေးကောက်ပွဲပြီးနောက် ချက်ချင်းဆိုသလိုပဲ အီရန် စစ်ပွဲ ပြီးဆုံးသွားမှာ ဖြစ်ကြောင်း လောင်စာဈေးနှုန်းတွေလည်း လျော့ကျမှာ ဖြစ်ကြောင်း အမေရိကန် ခေါင်းဆောင်က အခိုင်အမာ ပြောဆိုပါတယ်။

ဒါပေမဲ့ တချိန်တည်းမှာပဲ လောင်စာဈေး မြင့်တက်မှုအတွက် အပြစ်တင်ဖို့ ပစ်မှတ်အသစ် တစ်ခုကို သူက ရှာတွေ့သွားပုံရပါတယ်။

စက်တင်ဘာ ၁၃ ရက်က အိုင်ယာလန်သို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ထရန့်က ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို ဝေဖန် ပြစ်တင်ခဲ့ပြီး လောင်စာ ပြတ်လပ်မှု ပိုများလာတာကြောင့် ရုရှား ရေနံ သန့်စင်စက်ရုံတွေကို တိုက်ခိုက်မှု ရပ်တန့်ရေး တောင်းဆိုခဲ့ရတယ်လို့ ပြောပါတယ်။

ယူကရိန်း သမ္မတအနေနဲ့ ရုရှား ပစ်မှတ်တွေကို တိုက်ခိုက်လို့ရပေမယ့် သူ့ကြောင့် ရေနံ ပြတ်လပ်မှု ဖြစ်စေတာကြောင့် ရုရှား ရေနံတွေကို ပစ်မှတ်ထားလို့ မရကြောင်း လောင်စာ ပြတ်လပ်မှုတွေအတွက် အမေရိကန်- အစ္စရေး အီရန် စစ်ပွဲကို အပြစ်တင်ရမှာ မဟုတ်ဘဲ ရုရှား -ယူကရိန်း စစ်ပွဲကို အပြစ်တင်ရမှာ ဖြစ်ကြောင်း ထရန့်က ပြောပါတယ်။

မကြာသေးခင်လတွေက ရုရှားရဲ့ စွမ်းအင် တည်နေရာတွေကို အရှိန်မြှင့် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ယူကရိန်း ခေါင်းဆောင်နဲ့ ပြောဆို ဆွေးနွေးခဲ့တယ်လို့ ထရန့်က ဖြည့်စွက် ပြောပါတယ်။

“တခြား ပစ်မှတ်တွေ အများကြီး ရှိပြီး လောင်စာ ပစ်မှတ်တွေကို တိုက်ခိုက်တာက အထိနာစေတာကြောင့် မတိုက်ခိုက်ရပါဘူး။ ကမ္ဘာကြီးကိုလည်း ထိခိုက်စေပါတယ်။ လောင်စာ ပစ်မှတ်တွေကို မတိုက်ခိုက်စေချင်ပါဘူး။ သူက ရေနံ သန့်စင်စက်ရုံတွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်” လို့ ထရန့်က ဆိုပါတယ်။

နှစ်နိုင်ငံ နယ်စပ်က အများကြီး ဝေးတဲ့ ရုရှား ရေနံ သန့်စင် စက်ရုံတွေကို ယူကရိန်းက တိုက်ခိုက်ခဲ့ပြီး မော်စကိုကလည်းး မကြာသေးခင် လတွေက တာဝေး တိုက်ခိုက်မှုတွေ အရှိန်မြှင့် ပြုလုပ်ခဲ့တာကြောင့် အရပ်သား သေဆုံးမှု ပိုများလာခဲ့ပါတယ်။

ယူကရိန်းက ရုရှားကို ဒရုန်းတွေနဲ့ စံချိန်တင် တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ရုရှားကလည်း ဒုံးကျည် တိုက်ခိုက်မှုတွေ အများဆုံး အတိုင်းအတာနဲ့ တိုက်ခိုက်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ကောင်းကောင်း ဆွေးနွေး ဖြစ်ခဲ့ပြီး ပူတင်က ယူကရိန်း စစ်ပွဲနဲ့ အဆုံးသတ်ရေး သဘောတူညီမှု ရယူသလိုတယ်လို့ ပြောပါတယ်။

ဇီလန်စကီးက သဘောတူညီမှု ရယူချင်တယ်ဆိုရင် ပူတင်ကလည်း သဘောတူညီမှု ရယူလိုပြီး အရမ်းကောင်းတယ်လို့ ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။

ဇီလန်စကီးက ဒီဇင်ဘာလအတွင်း မီယာမီမှာ ကျင်းပမယ့် ဂျီ-၂၀ ညီလာခံမှာ ပူတင်နဲ့ တွေ့ဆုံဖို့ ဆန္ဒရှိကြောင်း ပြီးခဲ့ပြောဆိုခဲ့ပေမယ့် ကရင်မလင်က ချက်ချင်း ပယ်ချခဲ့ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.