လန်ဒန်၊ စက်တင်ဘာ ၁၄

ဆော်ဒီအာရေးဗီးယားအနေနဲ့ ပင်လယ်နီကို ဆက်သွယ်ထားတဲ့ သူတို့ရဲ့ အဓိက ရေနံပိုက်လိုင်းကို ရက်ပိုင်းအတွင်း ပြန်မဖွင့်လှစ်ဘူးဆိုရင် ပြည်ပသို့ ပို့ဆောင်မယ့် ရေနံ ကုန်တော့မှာ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ လောင်စာ ထောက်ပံ့မှု ၄ ရာခိုင်နှုန်း လျော့ကျသွားမှာ ဖြစ်ကြောင်း ဆော်ဒီဆီက ရေနံ ဝယ်ယူနေတဲ့ နိုင်ငံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

ဆော်ဒီက ရေနံ တင်ပို့မှု လျော့ကျရင် ကမ္ဘာလုံးဆိုင်ရာ လောင်စာ ထောက်ပံ့မှု ပိုမို အခြေအနေ ဆိုးနိုင်ပါတယ်။

၂၀၀၈ ဘဏ္ဍာရေး အကြပ်အတည်းနောက်ပိုင်း အမေရိကန် ငွေတိုက်စာချုပ်တွေတန်ဖိုး အမြင့်ဆုံး အနေအထား ရောက်ရှိနေပြီး ကမ္ဘာတဝှမ်း ငွေဖောင်းပွမှု မြင့်တက်နေနေချိန် ကမ္ဘာ့လောင်စာ ဈေးနှုန်းလည်း စံချိန်တင် မြင့်တက်နေတာ ဖြစ်ပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် ဆော်ဒီက သူတို့ရဲ့ ကြီးမားတဲ့ အရှေ့အနောက် ပိုက်လိုင်းကို စက်တင်ဘာ ၁၁ ရက်က ပိတ်ထားလိုက်ပြီး နောက်ပိုင်း အဲဒီ ရေနံ ပိုက်လိုင်းကို ဘယ်လောက်ကြာကြာ ဆက်ပိတ်ထားမလဲ ဒါမှမဟုတ် ထိခိုက်ပျက်စီးမှု အတိုင်းအတာကို ရီးယာ့ဒ် အစိုးရက အသေးစိတ် ပြောဆိုထားတာ မရှိ သေးပါဘူး။

ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုတွေကို ပြန်ပြင်ဖို့ သီတင်း ငါးပတ်ကနေ ခြောက်ပတ်အထိ ကြာနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

နောက်ထပ် သတင်းရင်းမြစ် တစ်ခုကတော့ မကြာခင် ပြုပြင် ပြီးစီးမှာ ဖြစ်ပြီး ပြန်လည် ပြုပြင်နေချိန်မှာ ရေနံတွေ တစ်စိတ်တစ်ပိုင်း ပြန်ပေးပို့နိုင်လိမ့်မယ်လို့ ပြောပါတယ်။

မှတ်ချက်ပြုပေးဖို့ ဆော်ဒီအစိုးရ မီဒီယာရုံးနဲ့ စွမ်းအင်ဝန်ကြီးဌာနထံ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန် ဖြေကြားမှု မရှိဘူးလို့ ဆိုပါတယ်။

အာရေဗျကျွန်းစွယ်ကို ဖြတ်သန်း သွယ်တန်းထားတဲ့ ပိုက်လိုင်းဟာ ပြီးခဲ့တဲ့ ခြောက်လမှာ ကမ္ဘာ့ ရေနံ ထောက်ပံ့မှုတွေအတွက် အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

အီရန် စစ်ပွဲကြောင့် ဆော်ဒီ အိမ်နီးချင်းနိုင်ငံတွေရဲ့ ရေနံတင်ပို့မှု ထိခိုက်ခဲ့ပြီး ဟောမု့ဇ် ရေလက်ကြား ပိတ်ထားတာကြောင့်လည်း ဆော်ဒီရဲ့ ရေနံ တင်ပို့မှုတွေ ထိခိုက်ခဲ့ရပါတယ်။

ကမ္ဘာမှာ ရေနံ အများဆုံး တင်ပို့နေတဲ့ ဆော်ဒီအာရေးဗီးယားက အဲဒီ ရေနံ ပိုက်လိုင်းကနေ တစ်ရက်ကို ရေနံစည်ပေါင်း ၄ သန်း ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုရဲ့ ၄ ရာခိုင်နှုန်းအထိ ပင်လယ်နီရှိ ယန်ဘူ ဆိပ်ကမ်းသို့ ပို့ဆောင်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီ ပိုက်လိုင်းက ရေနံ တင်ပို့မှု မရှိတော့တဲ့အချိန်မှာ ယန်ဘူ ဆိပ်ကမ်းမှာ တောက်ထပ် ငါးရက်ကနေ ခုနှစ်ရက်အထိ ရေနံ တင်ပို့စရာ ရှိနေသေးတယ်လို့ ဆော်ဒီရဲ့ ရေနံ တင်ပို့မှုတွေနဲ့ နီးစပ်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ သတင်းရင်းမြစ် သုံးခုက ပြောပါတယ်။

ပင်လယ်နီရှိ အင်ဆူခတာနဲ့ မြေထဲပင်လယ်ရှိ ဆီဒီခီယာစတဲ့ အီဂျစ် ဆိပ်ကမ်းတွေကနေ ဖောက်သည်တွေအတွက် ရေနံ ထောက်ပံ့ပေးဖို့ ဆော်ဒီအာရေးဗီးယားက စီစဉ်ထားဆဲ ဖြစ်တယ်လို့ စတုတ္ထမြောက် သတင်းရင်းမြစ်က ပြောပါတယ်။

ယန်ဘူ ဆိပ်ကမ်းမှာ သိုလှောင်သိမ်းဆည်းထားနိုင်တဲ့ ပမာဏဟာ စည်ပေါင်း ၃၅ သန်း ဝန်းကျင်ရှိကြောင်း လုပ်ငန်းပိုင်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

အီဂျစ် ဆိပ်ကမ်း နှစ်ခုမှာ သိုလှောင်သိမ်းဆည်းထားနိုင်တဲ့ ပမာဏက စည်ပေါင်း ၁၈ သန်းနဲ့ သန်း ၂၀ အသီးသီး ရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ သိုလှောင်ထားတဲ့ ရေနံပမာဏ အပြည့် ရှိနေတာ မဟုတ်ဘဲ အရှေ့-အနောက် ရေနံပိုက်လိုင်း ပြန်မဖွင့်ရင် ရေနံတွေ ကုန်တော့မှာ ဖြစ်တယ်လို့ သတင်းရင်းမြစ် လေးခုက ပြောထားပါတယ်။

ဟောမု့ဇ် ရေလက်ကြားနဲ့ ပင်လယ်နီက လောင်စာ ဖြတ်သန်းမှု လျော့ကျသွားတာကြောင့် ဆော်ဒီရဲ့ ရေနံတင်ပို့မှုဟာ သြဂုတ်လက ဆယ်စုနှစ် သုံးခုကျော်အတွင်း အနည်းပါးဆုံး ဖြစ်ခဲ့တယ်လို့ နိုင်ငံတကာ စွမ်းအင် အေဂျင်စီက စက်တင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ရေနံ ထောက်ပံ့မှုဟာ အခုနှစ်အတွင်း တစ်ရက်ကို စည်ပေါင်း ၅ ဒသမ ၇ သန်း လျော့ကျသွားပြီး ၆ ရာခိုင်နှုန်း လျော့ကျသွားတဲ့ သဘော ဖြစ်ပါတယ်။

ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့က ဆော်ဒီ ပိုက်လိုင်းကို တိုက်ခိုက်မှု ဆော်ဒီ ရေနံတင် သင်္ဘောတွေကို ခြိမ်းခြောက်မှုနဲ့ ပင်လယ်နီ ပါးစပ်ပေါက်ရှိ ကျွန်းတစ်ကျွန်းကို သိမ်းပိုက်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့်လည်း ရေနံဈေးတွေ စံချိန်တင် မြင့်တက်လာနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.