ဒွန်းဘက် ၊ စက်တင်ဘာ ၁၄
အမေရိကန်အနေနဲ့ အီရန်မှာ ဆက်နေပြီး ရေနံတွေကို ထိန်းချုပ်နိုင်တယ်လို့ စက်တင်ဘာ ၁၃ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။
ဗင်နီဇွဲလားရဲ့ ရေနံ ငါးပုံ-တစ်ပုံကို ထိန်းချုပ်လိုက်တဲ့ ပုံစံမျိုး အီရန် အရန် ရေနံတွေကို ထိန်းချုပ်မယ့် ပုံစဲမျိုး သူက နှိုင်းယှဉ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ဂေါက်သီးရိုက်ပွဲ ကြည့်ရှူဖို့ အိုင်ယာလန်ကို လာရောက်တဲ့ ခရီးစဉ်အတွင်း သူက အီရန် စစ်ပွဲကို ယခုနှစ်အတွင်း အဆုံးသတ်ဖို့ မျှော်လင့်ထားဆဲ ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုပါတယ်။
နိုဝင်ဘာလအတွင်း အမေရိကန်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ သက်တမ်းဝက် ရွေးကောက်ပွဲပြီးနောက် အီရန် စစ်ပွဲ အဆုံးသတ် နိုင်ခြေရှိတယ်လို့ သူက ဆိုပါတယ်။
အိုင်ယာလန် အိုးပင်း ဂေါက်သီးရိုက် ချန်ပီယံရှစ် ပြိုင်ပွဲမှာ ထရန့်က ရေနံဈေးဟာ အီရန် စစ်ပွဲ အဆုံးသတ်ပြီဆိုတာနဲ့ ကျောက်ခဲ တစ်လုံး လေပေါ်က ပြုတ်ကျလာသလို ကျဆင်းလာမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အရှေ့အလယ်ပိုင်း ဝရုန်းသုန်းကား အခြေအနေကြောင့် ရေနံဈေးကွက်တွေ ထိခိုက်နေပြီး ဆော်ဒီအာရေးဗီးယား ရေနံ ပိုက်လိုင်း တိုက်ခိုက်ခံရပြီးနောက် ရေနံဈေးနှုန်း ဆက်လက် မြင့်တက်လာဦးမယ်လို့ ကုန်သည်တွေက မျှော်လင့်ထားပါတယ်။
မိမိအနေနဲ့ မှန်ကန်တဲ့ သဘောတူညီမှုပဲ ပြုလုပ်သွားမှာ ဖြစ်ပြီး မကောင်းတဲ့ သဘောတူညီမှု တစ်ရပ် ရယူမှာ မဟုတ်ဘူးလို့ ထရန့်က ပြောပါတယ်။’
အီရန်က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အမြဲမပြတ် တောင်းဆိုနေတယ်လို့လည်း သူက ပြောထားပေမယ့် အဲဒီ ပြောဆိုချက်ကို အီရန်က အရင်က ပယ်ချထားခဲ့တာ ဖြစ်ပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှုတိုင်းအတွက် လက်တုံ့ပြန်မယ်လို့ ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သမ္မတက နောက်ထပ် နည်းလမ်း တစ်ခုကိုလည်း မိတ်ဆက်ထားပြီး အီရန်နဲ့ ဆက်လက် စေ့စပ် ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက ဗင်နီဇွဲလား ရေနံတွေကို ထိန်းချုပ်ခဲ့သလို အီရန်ရဲ့ ရေနံတွေကို ထိန်းချုပ်မယ့် သဘောမျိုးလည်း သူက နှိုင်းယှဉ် ပြောဆိုပါတယ်။
ဗင်နီဇွဲလားဆီကနေ ရရှိတဲ့ အမေရိကန် ဝင်ငွေဟာ စစ်ပွဲအတွက် အဆပေါင်းများ စွာ ရရှိပြီး ဖြစ်တယ်လို့လည်း ထရန့်က ပြောပါတယ်။
ဒီအတောအတွင်း ဟောမု့ဇ် ရေလက်ကြား အခြေအနေနဲ့ ပတ်သက်လို့ အီရန်၊ ပင်လယ်ကွေ့ နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေကို ရွှေ့ဆိုင်းလိုက်ကြောင်း အိုမန်က ပြောပါတယ်။
ကမ္ဘာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ စီးဆင်းမှုအတွက် အရေးပါတဲ့ အဲဒီ ရေလက်ကြား အနာဂတ်နဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးမှုတွေကို အိုမန်က လက်ခံ ပြုလုပ်သွားမှာ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားခဲ့တာ ဖြစ်ပါတယ်။
အီရတ်နဲ့ ပင်လယ်ကွေ့ နိုင်ငံတွေ တက်ရောက်မှာ ဖြစ်ကြောင်း အီရန်က ပြောထား ပေမယ့် ဘယ်နိုင်ငံတွေ တက်ရောက်မယ်လို့ အသေးစိတ် ဖော်ပြထားတာ မရှိပါဘူး။
အဲဒီ ညှိနှိုင်းမှုတွေဆီ တက်ရောက်မှာ မဟုတ်ကြောင်း ဘာရိန်းက ပြောထားပြီး တခြား ပင်လယ်ကွေ့ နိုင်ငံတွေကလည်း သူတို့ တက်ရောက်မှာ ဖြစ်တယ်လို့ အတည်ပြုထားတာ မရှိပါဘူး။
အိုမန် နိုင်ငံခြားရေးဝန်ကြီး ဘာဒါ အယ်ဘူဆိုင်ဒီက မိမိတို့အနေနဲ့ မိမိတို့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ရေရှည် တည်တံ့မယ့် ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူ ပြုစေမယ့် ဆွေးနွေးမှုမျိုး ဖြစ်လာရေး အားပေးဖို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အစ္စရေးနဲ့ အမေရိကန်က တိုက်ခိုက်ပြီး နောက်ပိုင်း အီရန်က ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားပြီး ဒေသတွင်း စစ်ပွဲလည်း ပိုမို ကျယ်ပြန့်လာနေပါတယ်။
ဇွန်လက ဝါရှင်တန်နဲ့ တီဟီရန်ကြား သဘောတူညီမှုဟာ ဟောမု့ဇ် ရေလက်ကြား ပိတ်ဆို့ထားမှုနဲ့ ပတ်သက်လို့ ပျက်ပြယ်ခဲ့ပြီး အီရန် ထောက်ပံ့ထားတဲ့ ယီမင်နိုင်ငံရှိ ဟိုသီ အဖွဲ့ကလည်း ဒုတိယမြောက် အရေးပါတဲ့ ဘက် အယ် မန်ဒက် ရေလမ်းကြောင်းကို မကြာသေးခင် ရက်ပိုင်းက ပိတ်ထားလိုက်ပါတယ်။
အရှေ့အလယ်ပိုင်း စစ်ပွဲ ခြောက်လကျော် ကြာမြင့်လာတဲ့ အချိန်မှာ လောင်စာ တင်ပို့မှု လမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့် ယခု သီတင်းပတ်အတွင်း ရေနံဈေး တစ်စည်ကို ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။
Ref:AFP

