ဝါရှင်တန် စက်တင်ဘာ ၁၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဉာဏ်ရည်တု AI နည်းပညာနဲ့ပတ်သက်ပြီး လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ သတိပေးမှုတွေဟာ ဖြစ်လာမှာမဟုတ်တဲ့ အခြေအနေတွေကို ချဲ့ကားပြောဆိုနေတာ ဖြစ်ပြီး၊ အဲဒီလို စိုးရိမ်မှုတွေကို ထုတ်ဖော်နေသူတွေဟာ “အလွန်အမင်း အနုတ်လက္ခဏာဆန်တဲ့ အင်အားစုတွေ” ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

အိုင်ယာလန်နိုင်ငံ ဒွန်းဘတ်မှာရှိတဲ့ သူ့ရဲ့ ဂေါက်ကွင်းမှာ သတင်းထောက်တွေကို ပြောကြားရာမှာ ထရန့် က အမေရိကန်ဟာ AI နည်းပညာမှာ တရုတ်နိုင်ငံထက် ရှေ့ရောက်နေပြီး ကမ္ဘာပေါ်မှာ အဆင့်မြင့်ဆုံးနိုင်ငံဖြစ်တာကြောင့် ဒီဦးဆောင်မှုကို ဆက်လက်ထိန်းသိမ်းထားချင်တယ်လို့ ဆိုပါတယ်။

Trump က “AI မှာ ဘယ်သူအနိုင်ရမလဲဆိုတာက အရေးကြီးတယ်။ AI ကို အနိုင်ရတဲ့သူက အနိုင်ရသူဖြစ်လာမယ်” ဆိုတဲ့သဘောနဲ့ ပြောကြားခဲ့ပါတယ်။

AI လုပ်ငန်းကို တိုးတက်မှုနှေးအောင်လုပ်သင့်သလား၊ စည်းမျဉ်းတွေ ပိုမိုတင်းကျပ်သင့်သလားဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာတော့ AI အတွက် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်နိုင်ပေမယ့် AI ကြောင့် ဖြစ်မလာနိုင်တဲ့ အန္တရာယ်တွေကို ချဲ့ကားပြောဆိုနေသူတွေ အများကြီးရှိနေတယ် လို့ Trump က ပြောပါတယ်။

အခုလို ထရန့်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာချိန်မှာပဲ AI နည်းပညာရဲ့ အနာဂတ်အန္တရာယ်နဲ့ပတ်သက်ပြီး အမေရိကန်မှာ အငြင်းပွားမှုတွေ ပိုမိုပြင်းထန်လာပါတယ်။

AI ကုမ္ပဏီ Anthropic ရဲ့ သုတေသီ ၂ ဦးက လျင်မြန်စွာ တိုးတက်လာနေတဲ့ AI နည်းပညာဟာ မဝေးတော့တဲ့အနာဂတ်မှာ လူသားမျိုးနွယ် ပျောက်ကွယ်သွားတဲ့အထိ အန္တရာယ်ရှိလာနိုင်တယ် လို့ သတိပေးခဲ့ကြပါတယ်။

ထရန့် ရဲ့ ဒုတိယသမ္မတသက်တမ်းအတွင်း အမေရိကန်အစိုးရက AI ကုမ္ပဏီတွေကို အများအားဖြင့် ထောက်ခံအားပေးနေပြီး နည်းပညာလုပ်ငန်းရှင်ကြီးတွေကလည်း ထရန့်ရဲ့ မူဝါဒအချို့ကို ထောက်ခံပေးနေကြပါတယ်။

ဒါ့အပြင် AI နဲ့ နည်းပညာလုပ်ငန်းရှင်တွေဟာ လာမယ့် နိုဝင်ဘာ ၃ ရက် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးအသုံးစရိတ်တွေ ထည့်ဝင်နေကြပါတယ်။

Anthropic ရဲ့ စီအီးအို ဒါရီယို အမိုဒယ်အီက AI ဖွံ့ဖြိုးတိုးတက်မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းညှိပြီး အန္တရာယ်တွေကို စီမံခန့်ခွဲဖို့ အချိန်ပိုရရှိစေမယ့် အဆင့် ၃ ဆင့်ပါ မူဘောင်တစ်ခုကို စက်တင်ဘာ ၁၂ ရက်မှာ တင်ပြခဲ့ပါတယ်။

ဒီအဆိုပြုချက်ကို အီလွန်မက်စ် နဲ့ OpenAI စီအီးအို ဆမ်အက်မန် အပါအဝင် AI လုပ်ငန်းကြီးတွေရဲ့ ခေါင်းဆောင် တချို့က ချက်ချင်း ထောက်ခံခဲ့ကြပါတယ်။

Anthropic ကနေ နုတ်ထွက်ပြီး AI အန္တရာယ်တွေကို သတိပေးခဲ့တဲ့ သုတေသီ ဂျက်ကော့ ကိုဇွန်ကလည်း အမေရိကန်အနေနဲ့ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းပြီး AI ဖွံ့ဖြိုးမှုအရှိန်ကို ညှိနှိုင်းသင့်တယ်လို့ ပြောပါတယ်။

သူက အမေရိကန်နဲ့ တရုတ်တို့ဟာ အန္တရာယ်ရှိနိုင်တဲ့ AI ပြိုင်ပွဲတစ်ခုထဲကို တစ်ဖက်နဲ့တစ်ဖက် အရှိန်မြှင့်ဝင်ရောက်သွားနိုင်တာကြောင့် နိုင်ငံတကာပူးပေါင်းညှိနှိုင်းမှု မရှိရင် အန္တရာယ်ပိုကြီးလာနိုင်တယ်လို့ သတိပေးထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.