ဘန်ကောက် စက်တင်ဘာ ၁၂

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်မှာ ဘတ်သန်း ၅၀ ကျော်တန်ဖိုးရှိ တရားမဝင် ကိုယ်အလေးချိန်ကျ ထိုးဆေးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဘန်ယိုင်ခရိုင်၊ ဆောင်ထုန်ဟင်နယ်မြေရှိ ငှားရမ်းထားတဲ့ အိမ်တစ်လုံးကို စက်တင်ဘာ ၁၁ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး အဲဒီနေရာကနေ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ဘတ် ၅၂ သန်းခန့် ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီစီးနင်းမှုဟာ အွန်လိုင်းကနေ “Haus of Peptides” အမှတ်တံဆိပ်နဲ့ ရောင်းချတဲ့ ထိုးဆေးတစ်မျိုးကို ဝယ်ယူအသုံးပြုခဲ့တဲ့ သမီးဖြစ်သူအတွက် စိုးရိမ်ပြီး မိဘတစ်ဦးက တိုင်ကြားရာကနေ စတင်ခဲ့တာပါ။

ထိုင်း FDA ရဲ့ စစ်ဆေးမှုအရ အဲဒီ peptide ထုတ်ကုန်တွေမှာ တရားဝင်မှတ်ပုံတင်နံပါတ် မရှိဘူးလို့ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းချက်အရ ဒီတရားမဝင်လုပ်ငန်းဟာ တစ်နှစ်လောက် လည်ပတ်နေခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို ငှားရမ်းကာ ဆေးထုပ်ပိုးခြင်းနဲ့ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေကနေတဆင့် ပစ္စည်းပို့ဆောင်တာတွေ ပြုလုပ်ခဲ့ပါတယ်။

တစ်ရက်ကို ပျမ်းမျှ ဘူး ၁၀၀ လောက် ပို့ဆောင်ရောင်းချခဲ့ပြီး တစ်ဘူးကို ဘတ် ၂,၉၀၀ နဲ့ ရောင်းချခဲ့တာကြောင့် တစ်ရက်ဝင်ငွေ ဘတ် ၂၉၀,၀၀၀ ခန့်၊ တစ်လဝင်ငွေ ဘတ် ၈ သန်းကျော် ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။

အဲဒီထိုးဆေးလုပ်ငန်းဟာ လိုင်စင်မရှိဘဲ ခေတ်မီဆေးဝါး ရောင်းချမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ထားတာဖြစ်ပြီး အများဆုံး ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ချမှတ်ခံရနိုင်ပါတယ်။ လက်ရှိအချိန်အထိ ရောင်းချသူကိုတော့ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

အခုလို လူသိများလာတဲ့ ကိုယ်အလေးချိန်ကျထိုးဆေးတွေဟာ GLP-1 receptor agonists လို့ခေါ်တဲ့ ဆေးအုပ်စုထဲမှာ ပါဝင်ပါတယ်။ ဒီဆေးတွေဟာ ခန္ဓာကိုယ်ထဲက သဘာဝဟော်မုန်းတစ်မျိုးကို တုပပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာ၊ အစာအိမ်က အစာချေဖျက်တဲ့လုပ်ငန်းစဉ်ကို နှေးစေတာနဲ့ ဗိုက်ပြည့်တင်းတဲ့ခံစားချက် ပိုရစေတာတွေကို ကူညီပေးပါတယ်။

ထိုင်းနိုင်ငံမှာ အဲဒီလို ဆေးတွေကို ဆရာဝန်ဆေးစာနဲ့သာ ရရှိနိုင်ပြီး အွန်လိုင်းကနေ ရောင်းချတာ၊ ဆရာဝန်ကြီးကြပ်မှုမရှိဘဲ ကိုယ်တိုင် ဆေးပမာဏပြောင်းပြီး ထိုးတာတွေဟာ တရားဝင်မှု မရှိပါဘူး။

ဒီဆေးတွေကြောင့် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်နာခြင်းနဲ့ ဗိုက်ဖောင်းခြင်း စတဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

ပိုမိုပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ စိတ်ကျရောဂါ၊ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ချင်စိတ်၊ ရုတ်တရက် ပန်ကရီယာရောင်ရမ်းတာနဲ့ ကျောက်ကပ် ရုတ်တရက်ပျက်စီးခြင်းတို့ ဖြစ်နိုင်သလို သိုင်းရွိုက်ကင်ဆာဖြစ်နိုင်ခြေ အပါအဝင် တခြားနောက်ဆက်တွဲပြဿနာတွေ ရှိနိုင်တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက သတိပေးထားပါတယ်။

Ref:BangkokPost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.