လန်ဒန် စက်တင်ဘာ ၁၂

အန္တရာယ်ရှိတဲ့ ဉာဏ်ရည်တုနည်းပညာ AI စနစ်တစ်ခုဟာ ထိန်းချုပ်မရတော့ဘဲ လူသားတွေအပေါ် တိုက်ခိုက်လာတဲ့အခြေအနေမျိုးမှာ AI ကို အရေးပေါ်ပိတ်နိုင်မယ့် “Kill Switch” ဆိုတဲ့စနစ်တစ်ခု ဖန်တီးဖို့ အဆိုပြုချက်ကို ဗြိတိန်အစိုးရက ပယ်ချလိုက်ပါတယ်။

AI နည်းပညာတွေ ပိုမိုစွမ်းဆောင်ရည်မြင့်လာတာနဲ့အမျှ လူသားတွေအတွက် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို စိုးရိမ်မှုတွေ မြင့်တက်လာတာကြောင့် ဗြိတိန်လွှတ်တော်အမတ်တွေက အရေးပေါ်အခြေအနေမှာ AI မော်ဒယ်တွေကို တရားဝင်ပိတ်ချနိုင်မယ့် ဥပဒေယန္တရားတစ်ခု ထည့်သွင်းဖို့ မကြာသေးခင်က တင်ပြခဲ့တာပါ။

ဒါပေမဲ့ AI လုံခြုံရေးနဲ့ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်နေတဲ့ ဗြိတိန် အစိုးရအဖွဲ့ရုံးကတော့ AI ကို ရိုးရိုးရှင်းရှင်း ပိတ်လိုက်လို့ မရနိုင်ဘူးလို့ ပြောပါတယ်။

နိုင်ငံအတွင်းမှာ AI မော်ဒယ်တွေကို အသုံးပြုခွင့်ပိတ်လိုက်ရုံနဲ့ အဲဒီ AI တွေကို တခြားနိုင်ငံတွေမှာ ဖန်တီးတာ၊ အလွဲသုံးစားလုပ်တာကို တားဆီးနိုင်မှာမဟုတ်ဘူးလို့ အစိုးရပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဒါကြောင့် အဆိုပြုဥပဒေကို အစိုးရက မထောက်ခံတာဟာ လွှတ်တော်လုပ်ငန်းစဉ်ကို ချက်ချင်းရပ်တန့်စေတာတော့ မဟုတ်ပေမယ့် ဥပဒေအဖြစ် အတည်ပြုနိုင်ခြေ နည်းသွားစေမှာ ဖြစ်ပါတယ်။

OpenAI မှာ အရင်က သုတေသနလုပ်ခဲ့ဖူးတဲ့ ဒန်နီယယ် ကိုကိုတာ့လိုကလည်း နိုင်ငံတစ်နိုင်ငံတည်းက နိုင်ငံတကာသဘောတူညီချက်မရှိဘဲ AI ကို ဥပဒေကြောင်းအရဖြစ်စေ၊ နည်းပညာပိုင်းအရဖြစ်စေ ပိတ်နိုင်မယ့်စနစ်တစ်ခု ဖန်တီးတာဟာ လက်တွေ့မကျနိုင်ဘူးလို့ သုံးသပ်ပါတယ်။

သူက အရေးပေါ်အခြေအနေမှာ AI မော်ဒယ်တစ်ခုကို ပိတ်လိုက်ရုံနဲ့ လူသားတွေကို ကာကွယ်နိုင်ဖို့ အများကြီး အထောက်အကူဖြစ်မှာမဟုတ်ကြောင်းနဲ့ အမေရိကန်မှာ ဖန်တီးလာနိုင်တဲ့ အလွန်စွမ်းရည်မြင့် AI တွေကနေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ဆက်ပြီး ရင်ဆိုင်ရဦးမယ်လို့ ပြောပါတယ်။

ကိုကိုတာ့လိုဟာ AI က ၂၀၃၀ ပြည့်လွန်နှစ်အလယ်ပိုင်းမှာ လူသားမျိုးနွယ်ကိုတောင် ဖျက်ဆီးနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားတဲ့ AI2027 သုတေသနစာတမ်းရဲ့ ပူးတွဲရေးသားသူတစ်ဦးလည်း ဖြစ်ပါတယ်။

“Kill Switch” အဆိုပြုချက် ထွက်ပေါ်လာတာဟာ OpenAI၊ Anthropic နဲ့ Meta တို့ရဲ့ AI မော်ဒယ်တွေဟာ စမ်းသပ်မှုတွေရဲ့ပြင်ပမှာ ထိန်းချုပ်မရတဲ့ ဟက်ကင်းချိုးဖောက် လုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကြောင့် AI အန္တရာယ်နဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေဟာ ပိုမိုမြင့်တက်လာပါတယ်။

Anthropic ရဲ့ အကြီးတန်းသုတေသီတစ်ဦးကလည်း လာမယ့် ၁၀ နှစ်အတွင်း AI ကြောင့် လူသားအားလုံး သေဆုံးနိုင်ခြေ ၁၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

အမေရိကန်လွှတ်တော်မှာလည်း AI အတွက် Kill Switch ဥပဒေတစ်ရပ်ကို ဆွေးနွေးနေကြပေမယ့် သမ္မတ ဒေါ်နယ်ထရန့်ကတော့ AI ဟာ လူသားတွေအတွက် ခြိမ်းခြောက်မှုတစ်ခုလို့ မယုံကြည်ဘဲ AI လုပ်ငန်းကို “ရွှေဥ” ပေးနိုင်တဲ့ လုပ်ငန်းတစ်ခုအဖြစ် ရှုမြင်ထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.