ဆိုးလ်၊ စက်တင်ဘာ ၁၂

မြောက်ကိုရီးယားက သူတို့ရဲ့ အရှေ့ဖက် ကမ်းရိုးတန်းအလွန် ဆီသို့ ဝေါင်ဆန် ဒေသကနေ တာတိုပစ် ပဲ့ထိန်း ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ JCS က စက်တင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။

အဲဒီ ဒုံးကျည်တွေကို ဒေသစံတော်ချိန် မနက် ၅ နာရီ မိနစ် ၂၀ မှာ ပစ်လွှတ်ခဲ့တာ ဖြစ်ပြီး ကီလိုမီတာ ၂၅၀ အထိ ပစ်ခတ်ရောက်ရှိခဲ့တာ ဖြစ်တယ်လို့ JCS က ကြေညာထားပါတယ်။

အဲဒီလို လက်နက်တွေ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို လေ့လာရေး အမေရိကန်နဲ့ တောင်ကိုရီးယား အရာရှိတွေက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် ထောက်လှမ်းရေး အရာရှိတွေက မြောက်ကိုရီးယားရဲ့ ဒုံးကျည်တွေ ပစ်လွှတ်မှု နေရာကို ခြေရာခံနေပြီး ပစ်လွှတ်မှုဆိုင်ရာ သတင်းအချက်အလက်တွေကို ဂျပန် အရာရှိတွေနဲ့လည်း ဝေမျှထားတယ်လို့ JCS က ပြောပါတယ်။

မြောက်ကိုရီးယား စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို တောင်ကိုရီးယား စစ်တပ်က အနီးကပ် စောင့်ကြည့်နေပြီး အမေရိကန်နဲ့ ပူးပေါင်း ကာကွယ်ရေး အနေအထားအရ ရန်စမှု မှန်သမျှကို တုံ့ပြန်ရေး တောင်ကိုရီးယား စစ်တပ်ရဲ့ အသင့်ရှိမှုနဲ့ စွမ်းပကားကို ထိန်းသိမ်းထားကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ပြီးနောက် တောင်ကိုရီးယား သမ္မတ အမျိုးသားလုံခြုံရေးရုံး JCS၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဌာနတွေနဲ့ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သမ္မတရုံးက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်တွေ ပစ်လွှတ်မှုကြောင့် တောင်ကိုရီးယား လုံခြုံရေး အပေါ် သက်ရောက်မှုကို အစိုးရက လေ့လာနေပြီး တုံ့ပြန်မှုအပေါ် အရာရှိတွေက ပြန်လည် သုံးသပ်နေတယ်လို့ ဆိုပါတယ်။

ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်မှု ချက်ချင်း ရပ်တန့်ရေး တောင်ကိုရီးယားက တောင်းဆိုထားပြီး အဲဒီ လုပ်ရပ်တွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောထားပါတယ်။

သီးခြားအနေနဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေကို သတိပြုမိကြောင်း၊ မဟာမိတ်တွေ၊ လက်တွဲဖော်တွေနဲ့ အနီးကပ် တိုင်ပင် ဆွေးနွေးနေကြောင်း အမေရိကန် ဗဟို ကွပ်ကွဲရေးဌာနက ပြောပါတယ်။

လက်ရှိ လေ့လာထားမှုအရ မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေဟာ အမေရိကန် စစ်မှုထမ်းတွေ၊နယ်နိမိတ် ဒါမှမဟုတ် မဟာမိတ်တွေ အန္တရာယ် ကျရောက်စေဖို့ ပစ်ခတ်တာ မဟုတ်ဘူးလို့ အမေရိကန်က ပြောထားပါတယ်။

အမေရိကန်အနေနဲ့ အမိမြေကိုရော ဒေသတွင်းရှိ မဟာမိတ်တွေကိုပါ ကာကွယ်ရေး ကတိပြုထားဆဲ ဖြစ်တယ်လို့ အမေရိကန် ဗဟိုကွပ်ကွဲရေးဌာနက လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လက တောင်ကိုရီးယား ကမ်းရိုးတန်း အလွန်မှာ ပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယား- အမေရိကန် ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေဟာ ပြုံးယမ်းနဲ့ ဒေသတွင်း တခြားနိုင်ငံတွေအတွက် အန္တရာယ် ဖြစ်တယ်ဆိုပြီး မြောက်ကိုရီးယားက ပြစ်တင် ရှုတ်ချခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ အခုနှစ် တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောထားပေမယ့် မြောက်ကိုရီးယားက လက်နက်ကြီး ပစ်လွှတ်မှုတွေ မကြာခဏ ပြုလုပ်နေပါတယ်။

စစ်ရေး ပူးတွဲ လေ့ကျင့်မှုတွေဟာ သင့်တော်မှု မရှိဘဲ မြောက်ကိုရီးယား အပေါ် ရန်လိုရာကျတယ်လို့ ထရန့်က ပြောကြားပြီး တောင်ကိုရီးယားနဲ့ စစ်ရေးလေ့ကျင့်မှုတွေကို လျှော့ချဖို့ ညွှန်ကြားခဲ့တာကြောင့် ဒေသတွင်း အမေရိကန် မဟာမိတ်တွေကို အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေဟာ မိမိတို့ နိုင်ငံကို ကျူးကျော်ဖို့ ဇာတ်တိုက် လေ့ကျင့်မှုတွေ ဖြစ်တယ်ဆိုပြီး မြောက်ကိုရီးယားက ပြစ်တင် ရှုတ်ချနေတာ ကြာပြီ ဖြစ်ပါတယ်။

ပထမ သမ္မတသက်တမ်းအတွင်း ကင်ဂျုံအန်နဲ့ တွေ့ဆုံခဲ့တဲ့ ဆက်ဆံရေးကို ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ ထရန့်က မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ အခုနှစ်အတွင်း ပြန်လည် တွေ့ဆုံမယ်လို့ သြဂုတ် ၁၉ ရက်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောထားပါတယ်။

မြောက်ကိုရီးယားဟာ အရမ်း အားကောင်းတဲ့ နျူကလီးယား လက်နက် ၅၇ ခုပိုင်ဆိုင်ထားတာကြောင့် ကင်ဂျုံအန်နဲ့ လက်တွဲသွားဖို့ အရေးကြီးတယ်လို့လည်း အမေရိကန် သမ္မတက ပြောထားပါတယ်။

တောင်ကိုရီးယားကတော့ မြောက်ကိုရီးယား ပိုင်ဆိုင်ထားတဲ့ နျူလက်နက် ၈၀ ကနေ ၁၂၀ လောက်အထိ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.