အဒန်၊ ဒူဘိုင်း ၊ စက်တင်ဘာ ၁၂
ပိုမို ကျယ်ပြန့်လာတဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း အရေးပါတဲ့ ရေနံ တင်ပို့ရာ လမ်းကြောင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရပြီးနောက် ဆော်ဒီအာရေးဗီးယားက သူတို့ရဲ့ အရှေ့-အနောက် ပိုက်လိုင်းကို ပိတ်ထားလိုက်ပါတယ်။
ကမ္ဘာမှာ ရေနံစိမ်း အများဆုံး ထုတ်လုပ်တဲ့နိုင်ငံက ဘဂ္ဂဒက်နဲ့ ရီးယာ့ဒ် နှစ်ခုစလုံးကို ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပြီးနောက် အဲဒီ ပိုက်လိုင်းကို ယာယီ ပိတ်ပစ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီ တိုက်ခိုက်မှုဟာ အီရန် ထောက်ပံ့ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ရှိရာ အီရတ်နိုင်ငံက စတင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ အီရတ်က စစ်ဖက်ဆိုင်ရာ တပ်မှူး တစ်ဦးကို စက်တင်ဘာ ၁၂ ရက်က ထုတ်ပယ်ထားပါတယ်။
ကီလိုမီတာ ၁၂၀၀ (၇၄၅ မိုင်) ရှည်လျားတဲ့ အာရေဗျကျွန်းစွယ်ကို ဖြတ်သန်း သွယ်တန်းထားတဲ့ အဲဒီ ရေနံပိုက်လိုင်းကြောင့် ဆော်ဒီအနေနဲ့ ဟောမု့ဇ် ရေလက်ကြားကနေ သင်္ဘောနဲ့ တင်ပို့စရာ မလိုဘဲ ရေနံ တင်ပို့လို့ ရနေတာ ဖြစ်ပါတယ်။
ဟောမုဇ် ရေလမ်းကြောင်းကတော့ အမေရိကန်-အီရန် စစ်ပွဲကြောင့် အီရန်က ပိတ်ဆို့ထားတဲ့အတွက် သင်္ဘောတွေ ဖြတ်သန်းလို့ မရ ဖြစ်နေပါတယ်။
ရေနံပိုက်လိုင်း ပိတ်ထားတာဟာ ကြိုတင် သတိထားတဲ့အနေနဲ့ လုပ်ဆောင်မှု ဖြစ်တယ်လို့ ဆော်ဒီ စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီ ရေနံပိုက်လိုင်းဟာ မကြာသေးခင်က တစ်နေ့ကို ရေနံစည် ၄ သန်းကနေ ၅ သန်းအထိ တင်ပို့နေခဲ့တာ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရေနံ ထောက်ပံ့မှု ၄ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။
ယီမင်နိုင်ငံရှိ အီရန် မဟာမိတ် ဟူသီ လက်နက်ကိုင်တွေက ပင်လယ်နီ သင်္ဘော လမ်းကြောင်း ထိန်းချုပ်မှုကို ပိုမို တင်းကြပ်လိုက်ပြီး ဟောမု့ဇ် ရေလက်ကြားကိုလည်း အီရန်က ပိတ်ဆို့ထားတာကြောင့် အာရေဗျကျွန်းဆွယ်မှာ စွမ်းအင် လမ်းကြောင်း နှစ်ခုစလုံး အနှောင့်အယှက် ဖြစ်နေချိန် အခုလို လုပ်ရပ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေကြောင့် ကမ္ဘာ့ ရေနံဈေးနှုန်း တစ်စည်ကို ဒေါ်လာ ၁၀၀ အထက် မြင့်တက်သွားခဲ့ပါတယ်။
ဘက်အယ်လ် မာဒက် ရေလက်ကြားရှိ ပင်လယ်နီ ခံတွင်းပေါက် ပီရင်ကျွန်းကို ဟူသီ အဖွဲ့က စက်တင်ဘာ ၁၁ ရက်မှာ ထိန်းချုပ်လိုက်ကြောင်း ယီမင် အစိုးရ သတင်းရင်းမြစ် လေးခုက ပြောပါတယ်။
အဲဒီ ရေနံပိုက်လိုင်းနဲ့ ပီရင်ကျွန်းကို တိုက်ခိုက်မှုကြောင့် စစ်ပွဲ အဆုံးသတ်ရေး သံတမန်ရေးအရ ကြိုးပမ်းမှုတွေကို ရပ်တန့်သွားစေနိုင်ပြီး တိုက်ခိုက်မှုတွေ ဆက်လက် အရှိန်မြင့်တက်လာနိုင်ပါတယ်။
ဟူသီအဖွဲ့နဲ့ ပတ်သက်လို့ စစ်ရေးအရ အကူအညီ ပေးဖို့ ဆော်ဒီက အမေရိကန်ကို အကူအညီ တောင်းထားတယ်လို့ သိရပါတယ်။
လောင်စာဈေးနှုန်း မြင့်တက်မှုကြောင့် အမေရိကန်မှာ နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးနဲ့ပတ်သက်လို့လည်း သက်ရောက်မှုတွေ ရှိနေပြီး ထရန့်ရဲ့ လူထု ထောက်ခံမှု အနည်းဆုံး အခြေအနေ ဖြစ်နေပါတယ်။
စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက ရီးယာ့ဒ်နဲ့ မီဒီနာ ဒေသရှိ အရှေ့-အနောက် ရေနံပိုက်လိုင်း တိုက်ခိုက်ခဲ့ရကြောင်း ဆော်ဒီ စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဂြိုဟ်တု ပုံရိပ်တွေအရ မီဒီနာဒေသ တောင်ပိုင်းရှိ ပိုက်လိုင်းကနေ မီးခိုးလုံးများ ထွက်ပေါ်လာတာကို မြင်တွေ့ ရပါတယ်။
အခုလို တိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရမှုတွေလည်း ရှိပြီး ထိခိုက်ပျက်စီးမှု အတိုင်းအတာကို လေ့လာနေဆဲ ဖြစ်တယ်လို့ ဆော်ဒီ စွမ်းအင်ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
Ref:Reuters

