ဝါရှင်တန် စက်တင်ဘာ ၁၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှု ၂၅ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်နေချိန် အိပ်ပျော်သွားခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကို အိမ်ဖြူတော်က ငြင်းဆိုလိုက်ပါတယ်။

ပင်တဂွန်မှာ ကျင်းပတဲ့ အခမ်းအနားအတွင်း ထရန့် က စင်မြင့်ပေါ်မှာ ထိုင်နေစဉ် မျက်လုံးတွေကို အချိန်အတော်ကြာမှိတ်ထားကာ ခေါင်းငိုက်ကျနေသလိုနဲ့မျက်နှာအနေအထားလည်း ပျော့ကျနေသလို တွေ့မြင်ရတာကြောင့် လူမှုကွန်ရက်ပေါ်မှာ “အိပ်ပျော်သွားတာလား” ဆိုတဲ့ မေးခွန်းတွေ ပေါ်ပေါက်လာခဲ့တာပါ။

ဒါပေမဲ့ The Independent သတင်းဌာနကို ပြောကြားရာမှာ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ထရန့်ဟာ သေဆုံးခဲ့သူတွေနဲ့ သူရဲကောင်းဆန်စွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပထမဆုံးတုံ့ပြန်ကယ်ဆယ်ရေးသမားတွေကို အလေးအနက်ထားပြီး နားထောင်၊ အောက်မေ့နေခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“သမ္မတ အိပ်ပျော်နေတယ်လို့ ရယ်စရာကောင်းအောင် ပြောဆိုနေသူတွေဟာ လိမ်ညာနေကြတာပါ” လို့လည်း အိမ်ဖြူတော်က တုံ့ပြန်ခဲ့ပါတယ်။

ထရန့်ဟာ ပင်တဂွန်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ ၁၈၄ ဦးရဲ့ အမည်တွေကို ဖတ်ကြားနေချိန်မှာ အိပ်ငိုက်သွားပုံရတဲ့ မြင်ကွင်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ထရန့်က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ အဓိက 9/11 အောက်မေ့ဖွယ်အခမ်းအနားကိုတော့ မတက်ရောက်ခဲ့ပါဘူး။ New York Times ရဲ့ ဖော်ပြချက်အရ မိန့်ခွန်းပြောခွင့်မရရင် အခမ်းအနားကို မတက်ဘူးလို့ ထရန့်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပင်တဂွန်အခမ်းအနားမှာတော့ ထရန့်က “ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ဘယ်တော့မှပါပဲ” လို့ ပြောကြားခဲ့ပြီး “ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ တိုက်ပွဲဝင်နေကြတာပါ။ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိဘူး” လို့လည်း ဆိုပါတယ်။

အခမ်းအနားကို ကာကွယ်ရေးဝန်ကြီး ပိချ် ဟက်ဆက်ချ် နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်စ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

တဖက်မှာ နယူးယောက်အခမ်းအနားကိုတော့ အသက်ရှင်နေဆဲ အမေရိကန်သမ္မတဟောင်းအားလုံးအပြင် ဒုသမ္မတ ဂျေဒီဘန့်စ်နဲ့ နယူးယောက်မြို့တော်ဝန် ဇိုရမ် မန်ဒါနီတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

စက်တင်ဘာ ၉ ရက်က ထရန့်ရဲ့ Truth Social အကောင့်မှာ ပို့စ်တွေ ဆက်တိုက်တင်ထားပေမယ့် ၉/၁၁ တိုက်ခိုက်မှု ၂၅ နှစ်ပြည့်နဲ့ပတ်သက်ပြီးတော့ တစ်စုံတစ်ရာ တင်ထားခြင်းမရှိသေးတာကိုလည်း သတင်းမှာ ဖော်ပြထားပါတယ်။

ထို့အပြင် နယူးယောက်အခမ်းအနားအတွင်း မြို့တော်ဝန် မန်ဒါနီနဲ့ လွှတ်တော်အမတ် အလက်ဇန်းဒီယား အိုကာစီယို ကော်တက်ဇ်တို့ ပြုံးရယ်နေတဲ့ပုံရိပ်တွေ ထွက်ပေါ်လာပြီး ဝေဖန်မှုတွေရှိခဲ့ပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.