ဆိုးလ်၊ စက်တင်ဘာ ၁၁
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟျွန်းနဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီတို့ဟာ စက်တင်ဘာ ၁၁ ရက်မှာ ဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့ကြပြီး အရှေ့အလယ်ပိုင်းဒေသအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ လွတ်လပ်စွာ သွားလာနိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဝန်ကြီးချိုဟျွန်း က အရှေ့အလယ်ပိုင်းဒေသ အခြေအနေအပေါ် အလွန်စိုးရိမ်မိကြောင်း ပြောဆိုခဲ့ပြီး ဒေသတွင်း ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ရရှိဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားအနေနဲ့ သင်္ဘောအားလုံး လွတ်လပ်ပြီး ဘေးကင်းစွာ ရေလမ်းကြောင်း အသုံးပြုနိုင်ရေးကို အစဉ်တစိုက် ထောက်ခံခဲ့ပြီး ရေကြောင်းလုံခြုံရေး မြှင့်တင်ဖို့ နိုင်ငံတကာ ကြိုးပမ်းမှုတွေမှာလည်း ပါဝင်ခဲ့တယ်လို့ ဝန်ကြီး ချို က ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီကတော့ အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် အီရန်ရဲ့ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံကြား ဆက်သွယ်ရေးလမ်းကြောင်းကို ပွင့်လင်းစွာ ဆက်လက်ထားရှိဖို့ သဘောတူခဲ့ကြပါတယ်။
အဲဒီ ဖုန်းခေါ်ဆိုမှုဟာ အီရန်ဘက်က တောင်းဆိုမှုကြောင့် စီစဉ်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါဟာ တောင်ကိုရီးယားက အရှေ့အလယ်ပိုင်းကို စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ပြီး ဒေသတွင်းကို တပ်ဖွဲ့စေလွှတ်သင့်၊ မသင့် အခြေအနေကို လေ့လာအကဲဖြတ်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
တောင်ကိုရီးယား သမ္မတရုံးကလည်း ပြီးခဲ့တဲ့သီတင်းပတ်မှာ ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောသွားလာမှု လွတ်လပ်ခွင့်ကို အထောက်အကူပြုဖို့ စစ်ရေးနည်းလမ်းအပါအဝင် ရွေးချယ်စရာတွေကို စဉ်းစားနေတယ်လို့ ပြောထားပါတယ်။
အီရန်ဘက်ကတော့ တောင်ကိုရီးယားတပ်ဖွဲ့တွေ အီရန်ပင်လယ်ကွေ့နဲ့ ဟော်မုဇ်ရေလက်ကြားအတွင်း စစ်ရေးအရ ပါဝင်လာမယ်ဆိုရင် အမေရိကန်ရဲ့ ကျူးကျော်မှုကို ထောက်ခံတာအဖြစ် သတ်မှတ်မယ်လို့ သတိပေးထားပြီး ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် တောင်ကိုရီးယားအစိုးရကတော့ အခုအချိန်အထိ တပ်ဖွဲ့စေလွှတ်ဖို့ နောက်ဆုံးဆုံးဖြတ်ချက် မချရသေးဘူးလို့ ပြောထားပါတယ်။
Ref:Reuters

