ဂျကာတာ၊ စက်တင်ဘာ ၁၀

အင်ဒိုနီးရှားနိုင်ငံမှာ တောမီးတွေကနေ ထွက်ပေါ်လာတဲ့ အန္တရာယ်ရှိတဲ့ မီးခိုးမြူနဲ့ လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူအရေအတွက်ဟာ တစ်ပတ်ကျော်အတွင်း ၂ ဆကျော် မြင့်တက်လာတယ်လို့ အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

အင်ဒိုနီးရှားကျွန်းစုတစ်ဝန်းရှိ သစ်တောနဲ့ သစ်ဆွေးမြေတွေမှာ တောမီးတွေ အကျယ်အဝန်းနဲ့ လောင်ကျွမ်းနေပြီး အထူးသဖြင့် ဆူမတြားနဲ့ ဘော်နီယိုကျွန်းတွေမှာ မီးခိုးနဲ့ အန္တရာယ်ရှိတဲ့ အငွေ့အသက်တွေ ပိုမိုဆိုးရွားလာပါတယ်။

ဒီနှစ် အင်ဒိုနီးရှားရဲ့ တောမီးရာသီဟာ ၁၁ နှစ်အတွင်း အပြင်းထန်ဆုံးအခြေအနေဖြစ်လာပြီး “စူပါအယ်လ်နီညို” ရာသီဥတုအခြေအနေကြောင့် အပူချိန်မြင့်တက်ကာ မိုးခေါင်မှု ပြင်းထန်လာတာကလည်း တောမီးတွေ ပိုမိုဖြစ်ပွားစေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ တောမီးကနေ ထွက်ရှိတဲ့ မီးခိုးနဲ့ ဓာတ်ငွေ့တွေဟာ ကမ္ဘာတစ်ဝန်း တောမီးကနေ ထွက်ရှိတဲ့ မီးခိုးပမာဏရဲ့ သုံးပုံတစ်ပုံခန့် ရှိလာတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၉ ရက်အထိ အချက်အလက်တွေအရ တောမီးနဲ့ လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူ ၁၁၃,၃၃၆ ဦး ရှိလာပါတယ်။

စက်တင်ဘာ ၁ ရက်ကတော့ အရေအတွက် ၅၀,၈၉၁ ဦး သာရှိခဲ့တာကြောင့် ၈ ရက်အတွင်း နှစ်ဆကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ် ၇ ခုမှာ လူပေါင်း ၁၂ ဒသမ ၅ သန်းကျော်ဟာ တောမီးကနေ ထွက်ရှိတဲ့ မီးခိုးမြူတွေကို ထိတွေ့နေရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အာဏာပိုင်တွေကလည်း မီးခိုးမြူဒဏ်ခံနေရတဲ့ ဒေသတွေကို မျက်နှာဖုံး ၁ သန်း နီးပါးနဲ့ အောက်ဆီဂျင်ပေးစက် ရာနဲ့ချီ ပို့ဆောင်ထားပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်း ထောင်နဲ့ချီကိုလည်း အရေးပေါ် စေလွှတ်ထားပါတယ်။

အင်ဒိုနီးရှားက တောမီးမီးခိုးတွေ နယ်စပ်ကျော်လွန်ပျံ့နှံ့မှုကြောင့် စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေမှာလည်း လေထုအရည်အသွေးဟာ လူသားတွေအတွက် ကျန်ူမာရေးထိနိုင်တဲ့အဆင့်တွေအဖြစ် မှတ်တမ်းတင်ထားပါတယ်။

အင်ဒိုနီးရှားကို တောမီးငြှိမ်းသတ်ရေး ကူညီဖို့ ဂျပန်နိုင်ငံက CH-47 Chinook ရဟတ်ယာဉ် ၃ စီး စေလွှတ်ထားပြီး စက်တင်ဘာ ၁၀ ရက်မှာ စမ်းသပ်ပျံသန်းမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။

အဲဒီ ရဟတ်ယာဉ်တွေဟာ ဘော်နီယိုကျွန်းပေါ်က အင်ဒိုနီးရှားစစ်တပ်ရဲ့ ရေဖြင့် မီးငြှိမ်းသတ်တဲ့ လုပ်ငန်းတွေကို ကူညီပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံကလည်း လေကြောင်းကနေ တောမီးငြှိမ်းသတ်နိုင်တဲ့ စွမ်းရည်တွေနဲ့ အကူအညီပေးဖို့ ကမ်းလှမ်းထားပြီး အင်ဒိုနီးရှားအစိုးရက မလေးရှားရဲ့ ကမ်းလှမ်းချက်ကို ဆွေးနွေးနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.