သရက်ချောင်း၊ စက်တင်ဘာ ၉
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် သရက်နှစ်ခွနဲ့ သင်ကျွန်းကျေးရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲ အတွင်း အရပ်သားပြည်သူ အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်တင်ဘာ ၈ ရက်နေ့ မနက်ပိုင်းက အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာကနေ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း ကျည်ကွယ်ရာကို ဝင်ပုန်းဖို့ ကြိုးပမ်းတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးဟာ စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ပြောပြချက်အရ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ အမျိုးသမီးဟာ သရက်နှစ်ခွကျေးရွာနေ ဒေါ်မြင့်မော် ဖြစ်တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းမှာ ကားအစီးရေ ရာချီ ပိတ်မိနေပြီး နေ့လည်ပိုင်းအထိ ပြန်မဖွင့်သေးဘူးလို့ သိရပါတယ်။
စစ်တပ်စစ်ကြောင်း ထိုးလာမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲကြောင့် သရက်နှစ်ခွနဲ့ သင်ကျွန်းကျေးရွာက ဒေသခံပြည်သူတွေဟာ နေအိမ်တွေမှာ ပုန်းခိုနေထိုင်ရပါတယ်။
သရက်ချောင်းမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့လကစလို့ မကြာခဏဆိုသလို စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေပြီး လမ်းမှာတွေ့တဲ့ ဒေသခံတွေကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးချမှုတွေ ပြုလုပ်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

