မော်လမြိုင် ၊ စက်တင်ဘာ ၉
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့မှာ စတင်ကျင်းပသွားမယ်လို့ မွန်ပြည်နယ် လွှတ်တော်က ကြေညာပါတယ်။
လွှတ်တော် အစည်းအဝေး ပြန်စဖို့ လွှတ်တော် ကိုယ်စားလှယ်တွေအပြင် ပြည်နယ်အစိုးရအဖွဲ့ကိုလည်း အသိပေး အကြောင်းကြားထားပြီလို့ စက်တင်ဘာ ၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ဒေသခံတွေကတော့ လာမယ့် လွှတ်တော် အစည်းအဝေးမှာ မြို့ပေါ်တွေအထိ လုံခြုံမှု မရှိတာ၊ ထိုင်းကုန်တွေကို ဖမ်းဆီးတဲ့ အတွက် ကုန်ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာတာ၊ လမ်းတွေ ဆိုးရွားစွာ ပျက်စီးနေမှုကို မေးခွန်းမေးမြန်းပေးဖို့ လိုလားနေကြပါတယ်။
ဒါ့အပြင် အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်မယ့် စီမံကိန်း၊ လက်ရှိ လုပ်ဆောင်နေတဲ့ စီမံကိန်းတွေအပြင် စစ်မှုထမ်းကြောင့် လူငယ်တွေ လုံခြုံမှု မရှိတော့တဲ့ကိစ္စရပ်တွေကို မေးခွန်းမေးမြန်းပေးဖို့ တောင်းဆိုထားပါတယ်။
မွန်ပြည်နယ် လွှတ်တော်ရဲ့ တတိယ ပုံမှန်အစည်းအဝေးကိုတော့ ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်နေ့မှ သြဂုတ် ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီအစည်းအဝေးမှာ ကြယ်ပွင့်ပြ မေးခွန်း ၃၀ မေးမြန်းခဲ့ပြီး ကော်မတီ တစ်ရပ် ဖွဲ့စည်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ အစည်းအဝေးမှာ မော်လမြိုင် ခရိုနီ ဦးမိုးကျော် ပါဝင်တဲ့ မွန်ပြည်နယ် လွှတ်တော်ရဲ့ လွှတ်တော်ရေးရာ ကော်မတီများ အထောက်အကူပြု အကြံပေး ကော်မတီ ဖွဲ့စည်းမှုအပေါ် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

