နေပြည်တော် ၊ စက်တင်ဘာ ၉

ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်တဲ့ တပ်သားတွေ ရရှိနိုင်ရေး ပေါ်တာဆွဲမှုတွေ မြင့်တက်နေချိန်မှာ PDF တွေ လက်နက်ခဲယမ်းနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတယ်လို့ စစ်အစိုးရက ဆက်တိုက် ဝါဒဖြန့်နေပါတယ်။

စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်အရ PDF တွေကို လက်နက်ချဖို့ ကမ်းလှမ်းပြီးနောက်ပိုင်း နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို နားလည်သဘောပေါက်လာတဲ့ ရာနဲ့ချီတဲ့ PDF တပ်ဖွဲ့ဝင်တွေ အလင်းဝင်လာတယ်လို့ နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေကနေ မကြာခဏ ထုတ်ပြန်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်နှောင်းပိုင်းကနေ စက်တင်ဘာ ပထမပတ်အတွင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်အပါအဝင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှာ PDF တပ်ဖွဲ့ဝင် ၃၂၂ ဦးအထိ လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတယ်လို့ စစ်အစိုးရက ဆိုပါတယ်။

အလင်းဝင်လာကြတဲ့ PDF အများစုဟာ အတင်းအဓမ္မစုဆောင်းခံကြရသူတွေဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံနိုင်တော့တာ အဖွဲ့တွေအတွင်း အထက်အောက်အဆင့်အတန်းခွဲခြားပြီး အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်တာ၊ အဓမ္မမှုကျူးလွန်တာ စတဲ့ စွပ်စွဲချက်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပုံဖျက်ထားတာပါ။

ဒါ့အပြင် စစ်တပ်ရဲ့ တိုက်စစ်ကို ခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာတဲ့အပြင် ငြိမ်းချမ်းစွာ နေထိုင်လိုတာကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြတာလို့ စစ်အစိုးရက ဝါဒဖြန့်ထားတာ ဖြစ်ပါတယ်။

ဒီလိုမျိုး ဝါဒဖြန့် စွပ်စွဲချက်တွေအပေါ် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တုံ့ပြန်ချက်ရဖို့ တောင်ပိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့တချို့ရဲ့ တာဝန်ရှိသူတွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။

စစ်အစိုးရကတော့ အလင်းဝင်လာသူတစ်ဦးချင်းစီကို ကျပ်ငွေ ၅ သောင်းကျပ်ကနေ တစ်သိန်းအထိ ငွေကြေးပေးအပ်တဲ့အပြင် လက်နက်ခဲယမ်း ယူဆောင်လာသူတွေကိုလည်း ဆုကြေးငွေတွေ ပေးအပ်ပြီး ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူတွေထံ ပြန်လည် လွှဲပြောင်းအပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဘက်မှာ ရန်ကုန်နဲ့ မန္တလေးက မြို့ကြီးတွေအပါအဝင် စစ်အစိုးရ ထိန်းချုပ်ထားတဲ့ တိုင်းနဲ့ပြည်နယ်အတွင်းရှိ မြို့ပေါ်နဲ့ ရပ်ကွက်ကျေးရွာတွေမှာ နေ့ည မရွေး စစ်တပ်၊ရဲနဲ့ ပြည်သူ့စစ်အဖွဲ့တွေက လူငယ်လူရွယ်တွေကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက် လုပ်လာနေတာပါ။

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထိတွေ့ရင်ဆိုင်ရတဲ့ မြေပြင်တိုက်ပွဲတွေမှာတော့ အာဏာသိမ်း စစ်တပ်ဘက်က တပ်ဖွဲ့ဝင်အများစုဟာ အညံ့ခံတာတွေရှိနေသလို ရခိုင်စစ်မျက်နှာမှာလည်း အရေးမလှ ဖြစ်နေရပြန်ပါတယ်။

ဒီလိုမျိုးအခြေအနေမှာ အာဏာသိမ်းစစ်တပ်ဘက်က စစ်ရေးအရ အပြတ်အသတ် နိုင်ဖို့ မဖြစ်နိုင်တဲ့အတွက် စိတ်ဓာတ်မခိုင်မာတဲ့ PDF တွေကို အသုံးချပြီး သွေးခွဲရေးနည်းဗျူဟာကို သုံးလာတာလို့ CDM တပ်အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

CDM လေတပ် တပ်ကြပ်ကြီး ဇေယျက စစ်မှုထမ်းကြောင့် အင်အားသာလာတဲ့ စစ်တပ်က တော်လှန်‌ရေးတပ်ဖွဲ့တွေကို နိုင်နေသယောင် ဝါဒဖြန့်မှုဟာ ဗန်းမော်က စစ်သင်္ဘာတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ တိုက်ဆိုင်စွာ လုပ်လာတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လက်ရှိ စစ်တပ်က စစ်မှုထမ်းဆင့်ခေါ်ပြီး လူအင်အားကလည်း တော်တော်ကောင်းသွားတယ်။ လက်နက်အင်အားကတော့ အရင်ကတည်းက သာပြီးသားပေါ့နော်။ ဒီလိုအခြေအနေမှာ တော်လှန်ရေးကို နိုင်သယောင်ယောင်ပေါ့ သူတို့ဘက်မှာလည်း ဝါဒဖြန့်တယ်ပေါ့။ ဒီလိုမျိုး ဖိလာတယ်ဆိုတဲ့ ပုံစံမျိုး။ နောက်တစ်ခုက လက်ရှိဆိုလို့ရှိရင် အလင်းဝင်ပွဲလုပ်တဲ့ ကိစ္စဆို ဘယ်မှာသွားတိုက်ဆိုင်လည်းဆို ဗန်းမော်က တက်တဲ့ စစ်သင်္ဘောတွေကို KIA က ဖြတ်တိုက်လို့ အလင်းဝင်တာတွေရော (စစ်တပ်က တပ်သားတွေ) ကျတာရော စစ်သင်္ဘောတွေ ၇ စီးတောင် ပျက်တာလေ။ အဲဒီလိုမျိုး ပိုးစိုးပက်စက်ဖြစ်တဲ့ သတင်းတွေနဲ့ တိုက်ဆိုင်စွာ ဒီဟာကို လုပ်လာတာပေါ့”လို့ ဆိုပါတယ်။

စက်တင်ဘာ ၂ ရက်နေ့က ‌ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာမှာ ပျက်စီးမှုတချို့ရှိပြီး စစ်တပ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတယ်လို့ ဒေသတွင်းသတင်းတွေက‌နေ သိရပါတယ်။

အာဏာသိမ်း စစ်တပ်အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မြေပြင်ထိတွေ့တိုက်ပွဲတွေမှာ အရေးနိမ့်ရချိန်တိုင်း နွေဦးတော်လှန်ရေးရဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမှာ ပါဝင်နေကြတဲ့ PDF တွေကို မက်လုံးပေးပြီး သွေးခွဲရေးဗျူဟာ ထုတ်သုံးလေ့ရှိပါတယ်။

လက်ရှိမှာလည်း ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူတွေအနေနဲ့ နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေ တပ်စခန်းတွေနဲ့ ရဲစခန်းတွေမှာ ဆက်သွယ်သတင်းပေးပို့လာရင် ကြိုဆိုလက်ခံကာ ကူညီထောက်ပံ့မှုတွေ ပေးအပ်သွားမှာဖြစ်သလို ဆုကြေးငွေတွေလည်း ချီးမြှင့်သွားမယ်လို့ ဝါဒဖြန့်ချီနေတာပါ။

ဒီအတွက် စက်တင်ဘာ ၇ ရက်နေ့က မန္တလေးတိုင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ PDF အဖွဲ့ဝင် အမျိုးသား အမျိုးသမီး ၁၉၅ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာကြတယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

အလားတူ စက်တင်ဘာ ၅ ရက်က မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ PDF တပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတယ်လို့ နိင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်ကလည်း စစ်ကိုင်းတိုင်းရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ အမျိုးသား အမျိုးသမီး ၁၄၀ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်ပြီး မိဘအုပ်ထိန်းသူတွေထံ စနစ်တကျ လွှဲပြောင်းအပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ စစ်တပ်ထံ အလင်းဝင်သူတွေဟာ PDF တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်း ထုတ်ပြောထားကြတာ ရှိသလို တပ်နဲ့ ကင်းကွာတဲ့ ရဲဘော်တွေကို တပ်ရင်းတာဝန်ရှိသူတွေထံ ပြန်လည် ဆက်သွယ်သတင်းပို့ကြဖို့ အသိပေးတာတွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.