မကွေး စက်တင်ဘာ ၈
မကွေးတိုင်းမှာ စစ်မှုထမ်းတွေကို သင်တန်းကျောင်း မပို့ဘဲ နယ်မြေစခန်းတွေမှာ လက်တိုလက်တောင်း ခိုင်းစေဖို့ လုပ်ဆောင်တာတွေ ရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သင်တန်းအပြီး ရှေ့တန်း ပို့ခံရမှာစိုးရိမ်တာကြောင့် မိသားစုနဲ့ငွေကြေးညှိနှိုင်းတာ ဒါမှမဟုတ် နယ်မြေတပ်စခန်းတွေမှာပဲ သင်တန်းပေးပြီး စခန်းစောင့်ထားတာတွေရှိတယ်လို့ သိရပါတယ်။
“တချို့က ပထမအကြိမ် စစ်မှုထမ်းစာရင်းပါလို့ ငွေကြေးနဲ့ညှိပြီးလွတ်ပြီးသားတွေ၊ နောက်တစ်ခေါက် ပြန်စစ်မှုထမ်း အဖမ်းခံရတော့ အထက်နဲ့ညှိမရဘဲ နယ်မြေစခန်းနဲ့ပဲ ညှိပြီး ဝက်စာကျွေးတာ၊ စိုက်ပျိုးရေး လုပ်တာစတာတွေမှာ ခိုင်းတာပေါ့။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီလိုမျိုး လုပ်ကိုင်နေရသူတွေ အများစုဟာ အုပ်ချုပ်ရေးမှုး၊ ဒါမှမဟုတ် စစ်တပ်လက်အောက်ခံစစ်သားတွေနဲ့ ဆွေမျိုးနီးစပ်သူတွေဖြစ်ပြီး စစ်မှုထမ်းစာရင်းဝင်တယ်လို့ သိရပါတယ်။
စစ်မှုထမ်းသက်တမ်း ကြာမြင့်တဲ့အချိန်ထိ သက်ဆိုင်ရာနယ်မြေတပ်စခန်းမှာ လုပ်ကိုင်နေရမှာဖြစ်ပြီး အဲဒီ အချိန်ပြည့်ချိန်မှာ မိသားစုထံပြန်လို့ရတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ နယ်မြေတပ်စခန်းတွေကနေ အဲဒီလိုမျိုး ညှိနှိုင်းလုပ်ဆောင်မှုတွေရှိနေပေမဲ့လည်း ထွက်ပြေးနေသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။
“ရွာက ကလေးက စက်ပစ္စည်း နည်းနည်း ပြင်တတ်တယ်။ သူ့ဦးလေးတွေကလည်း စစ်တပ်ကပဲ။ အဲဒီအဖမ်းခံရတဲ့တပ်ထဲမှာပဲ စက်ပစ္စည်းတွေ၊ ကားတွေတောက်တိုမယ်ရ ပြင်ပေးပြီးနေတာ။ နောက်တော့ထွက်ပြေးတယ်လို့ သိရတယ်။”လို့ စကုမြို့နယ်ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မကွေးတိုင်းက စစ်မှုထမ်းစာရင်းပါသူတွေနဲ့ ပေါ်တာဆွဲခံရသူတွေကို တောင်တွင်းကြီးမြို့နယ်မှာ စစ်မှုထမ်းသင်တန်းတက်ခိုင်းပြီး သင်တန်းဆင်းတွေကို ရခိုင်ပြည်နယ်ရှေ့တန်းကိုပို့ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

