တနင်္သာရီ၊ စက်တင်ဘာ ၈
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာအနီးမှာ လူနာတင်ယာဉ် ပစ်ခတ်ခံရတာကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦး သေဆုံးသွားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၇ ရက်နေ့ နေ့လည် ၁ နာရီကျော်အချိန်မှာ တနင်္သာရီမြို့ကနေ မောတောင်မြို့ဘက်ကို လူနာပို့ပြီး ပြန်လာတဲ့ မောတောင်မြို့အခြေစိုက် သင်္ဂဟမိတ္တ နာရေးကူညီမှုအသင်းပိုင် လူနာတင်ယာဉ် ပစ်ခတ်ခံခဲ့ရတာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကားပေါ်မှာပါလာတဲ့ သင်္ဂဟမိတ္တ နာရေးကူညီမှုအသင်းဝင် အသက် ၃၀ အရွယ် ကိုဇော်မင်းထွန်းဟာ ဦးခေါင်းကျည်ထိမှန် ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
ဒီပစ်ခတ်မှုကို နှစ်ဖက်အဖွဲ့အစည်းတွေက စက်တင်ဘာ ၈ ရက်နေ့အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ဒေသခံတွေရဲ့ ပြောပြချက်အရ မောတောင်-တနင်္သာရီလမ်းပိုင်းဟာ အာဏာသိမ်း စစ်တပ်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေလည်း စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ရမ်းဖို့နဲ့ကမ်းတိုကျေးရွာကြားမှာ ရေဘေးကူညီရေးသွားတဲ့ မြိတ်ခရိုင်သဘာဝေးစီမံကော်မတီယာဉ်တန်း ပစ်ခတ်ခံရပြီး ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

