နေပြည်တော်၊ စက်တင်ဘာ ၈
ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီရဲ့ တနင်္သာရီတိုင်း လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို အမတ်အဖြစ်ကနေ ပယ်ဖျက်လိုက်တယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်အရ ပြည်သူ့ပါတီရဲ့ တနင်္သာရီတိုင်း လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဖြစ်တဲ့ ဦးခိုင်ဦးနဲ့ ဦးတင်စိုးတို့ဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ခွင့် မရှိတော့ကြောင်း ကြေညာလာပါတယ်။
အဲဒီကိုယ်စားလှယ် နှစ်ဦး နေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဦးဝင်းကြူနဲ့ဒေါ်မြမြစိမ်းတို့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် အစားထိုး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်း လွှတ်တော် မြိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ကနေ လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ခံရတဲ့ ဦးခိုင်ဦးကို သူရဲ့ ပြိုင်ဘက်ပါတီက ကိုယ်လှယ်စားလောင်း ဦးဝင်းကြူက ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခဲ့တာပါ။
အဲဒီကန့်ကွက်လွှာကို ရွေးကောက်ပွဲကော်မရှင်က ကြားနာစစ်ဆေးပြီးနောက် ဦးခိုင်ဦးကို ရွေးကောက်ခံ အမတ်အဖြစ်ကနေ ပယ်ဖျက်ပြီးနောက် ပြိုင်ဘက်ပါတီက ကိုယ်လှယ်စားလောင်း ဦးဝင်းကြူကို အနိုင်ပေးခဲ့တာပါ။
အဲဒီနောက် မြိတ်မြို့နယ် မဲဆန္ဒနယ်က ဦးခိုင်ဦး ရရှိခဲ့တဲ့ ဆန္ဒမဲရလဒ်တွေကို နုတ်ပယ်ပြီး ကျန်ရှိတဲ့ ခိုင်လုံမဲတွေအား ပြန်လည်တွက်ချက်ခဲ့ရာ လောင်းလုံးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ် ၂ က ပြည်သူ့ပါတီ ကိုယ်စားလှယ် ဦးတင်စိုးကို အမတ်အဖြစ်ကနေ ထပ်မံပယ်ဖျက်လိုက်ပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကြံ့ခိုင်ရေးပါတီဟာ တနင်္သာရီတိုင်း လွှတ်တော်မှာ ကိုယ်စားလှယ် နေရာ နှစ်နေရာ ထပ်မံရရှိသွားတာ ဖြစ်ပါတယ်။
ဦးကိုကိုကြီးဟာ လက်ရှိမှာတော့ ဒုစစ်ခေါင်းဆောင်ဟောင်း ဦးစိုးဝင်း ဦးဆောင်တဲ့ ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီမှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေပြီး သူ့ပါတီက ကိုယ်စားလှယ် နှစ်ဦး အမတ်အဖြစ်မှ ပယ်ဖျက်ခံရမှုကို လက်ရှိအချိန် တစ်စုံတစ်ရာ တုံ့ပြန်မရှိဘဲ နှုတ်ဆိတ်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်

