ဘန်ကောက်၊ စက်တင်ဘာ ၇

ထိုင်းအစိုးရက မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းမယ့် လူငယ်တွေအနေနဲ့လာမယ့် သီတင်းပတ်က စတင်ပြီး လျှောက်လွှာတင်နိုင်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

စစ်မှုထမ်း သတ်မှတ်ချက် အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့ အရန် စစ်သားတွေ၊ အရင်က စစ်သင်တန်း တက်ထားဖူးသူတွေအနေနဲ့ တစ်လကို လစာနဲ့ ထောက်ပံ့ကြေး ဘတ် ၁၅၀၀၀ အထိ ရရှိမှာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်က စတင်ပြီး ၂၀၂၇ ဇန်နဝါရီ ၂၄ ရက်အထိ လျှောက်ထားနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အဲဒီ စီမံကိန်းကို မစတင်ခင် လျှောက်က်လွှာတွေ ကြိုတင် ခေါ်ယူတာ ဖြစ်ပါတယ်။

အစိုးရက စစ်သားသစ် စုဆောင်းမှုကို မိမိ သဘောဆန္ဒအလျောက် စစ်မှုထမ်းလိုသူတွေပဲ ခေါ်ယူဖို့ စီစဉ်ထားမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုလို လျှောက်လွှာ ခေါ်ယူတာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင်က အဲဒီ မူဝါဒကို လွှတ်တော်ထံ တင်ပြပြီးဖြစ်ကြောင်းနဲ့ အခုအချိန်မှာ ထိုင်းတော်ဝင် စစ်တပ်က ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ရတ်ချာဒါ သာနာဒီရတ်က ပြောပါတယ်။

လျှောက်ထားမှု အောင်မြင်သူတွေအနေနဲ့ ကနဦးမှာ လေးနှစ် စာချုပ် လက်မှတ်ရေးထိုးရမှာ ဖြစ်ပြီး အများဆုံး စုစုပေါင်း စစ်မှုထမ်းကာလ ၈ နှစ်အတွက် နောက်ထပ် သက်တမ်းတိုးချင်ရင်လည်း တိုးနိုင်ကြောင်း သိရပါတယ်။

အဲဒီ အစီအစဉ်က ထိုင်းမှာ ရော်ဒေါ်လို့ ခေါ်တဲ့ နယ်နိမိတ်ဆိုင်ရာ ကာကွယ်ရေး ကျောင်းသားသင်တန်း ၃ နှစ်ကနေ ၅ နှစ်အထိ တက်ရောက်ပြီးသူတွေအတွက် လမ်းဖွင့်ပေးမှာ ဖြစ်ပြီး အရန်စစ်သားတွေနဲ့အတူ အရင်က စစ်တပ်မှာ စာရင်းဝင်ပြီးသားလူတွေကိုလည်း ဦးစားပေး ခေါ်ယူမှာ ဖြစ်ပါတယ်။

ပြန်တမ်းဝင် အရာရှိ ရာထူးတွေအတွက် တက္ကသိုလ် ပထမဘွဲ့ရထားရမှာ ဖြစ်ပြီး လျှောက်ထားသူတွေဟာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အရွယ်တွေ ဖြစ်ရမှာ ဖြစ်ပါတယ်။

ပြန်တမ်းဝင် အရာရှိမဟုတ်တဲ့ ရာထူးတွေအတွက် အလယ်တန်း အဆင့်နဲ့ အထက်တန်း ပညာအရည်အချင်း ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အသိအမှတ်ပြု လက်မှတ်တွေ လိုအပ်မှာ ဖြစ်ပြီး အသက်အရွယ်ကို ၁၈ နှစ်ကနေ ၃၀ နှစ်အထိ ကန့်သတ်ထားပါတယ်။

လျှောက်ထားသူတွေအနေနဲ့ သူတို့အတွက် လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ရာထူးနေရာတွေ၊ တပ်ဖွဲ့တွေကို ရွေးချယ်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

စစ်မှုထမ်း ခေါ်ယူခံရသူတွေအနေနဲ့ ဆေးကုသခွင့်၊ သဘာဝဘေး တစ်ခုခုကြောင့် သူတို့နေအိမ် ထိခိုက်ခဲ့ရင် ဘဏ္ဍာရေး အထောက်အပံ့နဲ့ အသက်အာမခံတို့နဲ့ အတူ လစာနဲ့ အကျိုးခံစားခွင့် အားလုံးပေါင်း တစ်လကို ဘတ် ၁၅၀၀၀ ရရှိမှာ ဖြစ်ပါတယ်။

အခုစီမံကိန်းက ဝင်ငွေနဲ့ လူမှုဖူလုံရေး၊ ပုဂ္ဂိုလ်ရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးနဲ့ အလုပ်အကိုင်ဆိုင်ရာ အခွင့်အလမ်းတွေနဲ့ အနာဂတ် အလုပ်အကိုင်ဆိုင်ရာ အလားအလာ စတဲ့ အဓိက အကျိုးခံစားခွင့်တွေနဲ့ ကမ်းလှမ်းသွားမှာ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ရတ်ချာဒါက ပြောပါတယ်။

စစ်မှုထမ်းတွေအနေနဲ့ စည်းကမ်းပိုင်း တည်ဆောက်ရေး၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ နောက်ပိုင်း အလုပ်လုပ်ချိန်မှာ အသုံးဝင်နိုင်မယ့် အရည်အချင်းတွေအတွက် ရည်ရွယ်ပြီး လေ့ကျင့်မှု စစ်ဆင်ရေး အတွေ့အကြုံ သင်ယူရမှာ ဖြစ်ပါတယ်။

သူတို့ရဲ့ ပညာအရည်အချင်းနဲ့ အလုပ်အကိုင်ဆိုင်ရာ စွမ်းရည်တွေကိုလည်း တိုးတက်အောင် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပြီး စစ်တပ်က ထွက်ပြီးနောက် သူတို့ရဲ့ အလုပ်အကိုင် ရွေးချယ်စရာတွေ ပိုများလာစေမှာ ဖြစ်ပါတယ်။

Ref:Aseannow

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.