ဘန်ကောက်၊ စက်တင်ဘာ ၈
ထိုင်းနိုင်ငံမှာ အပြုအမူမသင့်လျော်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးနိုင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စည်းမျဉ်းအသစ်အရ ပြင်သစ်နိုင်ငံသားတစ်ဦးကို ပြည်နှင်ဒဏ်ပေးသွားမယ်လို့ ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး အနုတင် ချန်ဝီရာကူက စက်တင်ဘာ ၇ ရက်မှာ အတည်ပြုလိုက်ပါတယ်။
အဲဒီပြင်သစ်နိုင်ငံသားဟာ စည်းမျဉ်းအသစ်အရ ထိုင်းနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးခံရမယ့် ဒုတိယမြောက် နိုင်ငံခြားသား ဖြစ်လာမှာပါ။ ပထမဆုံးအနေနဲ့ အစ္စရေးနိုင်ငံသားတစ်ဦးကို အဲဒီစည်းမျဉ်းနဲ့ ပြည်နှင်ဒဏ်ပေးထားပြီး ဖြစ်ပါတယ်။
ထိုင်းလွှတ်တော် သတင်းထောက်တွေက ပြည်နှင်ဒဏ်ပေးမယ့်ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဝန်ကြီးချုပ် အနုတင်က “ဥပဒေက ရှိပြီးသားဖြစ်လို့ ဥပဒေအတိုင်း အကောင်အထည်ဖော်ရမှာပါ” လို့ တုံ့ပြန်ပါတယ်။
ပထမဆုံး ပြည်နှင်ဒဏ်ပေးခံခဲ့ရတဲ့ အစ္စရေးနိုင်ငံသားက အယူခံတင်ထားခြင်း ရှိ၊ မရှိ မေးမြန်းရာမှာတော့ အယူခံကို ဝန်ကြီးချုပ်ထံ တိုက်ရိုက်တင်ပြရမှာဖြစ်ပြီး လက်ရှိအချိန်အထိ အယူခံစာ မတွေ့ရသေးဘူးလို့ အနုတင်က ဆိုပါတယ်။
အယူခံလုပ်ငန်းစဉ်ဟာ ပြည်ထဲရေးဝန်ကြီးက ပြည်နှင်ဒဏ်အမိန့်ကို လက်မှတ်ရေးထိုးထားတာကြောင့် ဝန်ကြီးချုပ်ထံ အယူခံတင်ပြရတဲ့ ပုံစံ ဖြစ်တယ်လို့လည်း ရှင်းပြပါတယ်။
နောက်ထပ် နိုင်ငံခြားသားတွေကိုလည်း ပြည်နှင်ဒဏ်ပေးဖို့ ရှိ၊ မရှိ မေးမြန်းရာမှာ ဝန်ကြီးချုပ်က အပြုအမူမသင့်လျော်သူ ဘယ်သူမဆို ထိုင်းနိုင်ငံကနေ ဖယ်ရှားခံရနိုင်တယ်လို့ ပြောပါတယ်။
“တစ်စုံတစ်ယောက်က အပြုအမူမကောင်းရင် ထိုင်းနိုင်ငံက ဒီလိုလူတွေကို နိုင်ငံထဲမှာ ဆက်နေစေချင်မှာ မဟုတ်ဘူး” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
ချာချင်ဆောင်ပြည်နယ်မှာ အစ္စရေးနိုင်ငံသားတွေအတွက် သင်္ချိုင်းတစ်ခု တည်ဆောက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး သတင်းရရှိထားခြင်း ရှိ၊ မရှိလည်း သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။
အနုတင်က ဒုတိယပြည်ထဲရေးဝန်ကြီး ဖွန်ဖီယာ ဆူဝမ်နာချာဝီထံကနေ သတင်းအချက်အလက် ရရှိထားပြီး အဲဒီလိုကိစ္စမျိုး ဖြစ်ပေါ်လာမှာ မဟုတ်သလို ဆက်လက်လုပ်ဆောင်သွားမှာလည်း မရှိဘူးလို့ ပြောပါတယ်။
နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းနိုင်ငံအတွင်း သင်္ချိုင်းတည်ဆောက်ခွင့် ရှိ၊ မရှိနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် ဥပဒေသတ်မှတ်ချက်တွေကို မသေချာသေးပေမယ့် ထိုင်းပြည်သူတွေရဲ့ ခံစားချက်ကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့ အနုတင်က ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ပြန်လည်များပြားလာနေပြီလားဆိုတဲ့ မေးခွန်းကိုတော့ အနုတင်က ငြင်းဆိုခဲ့ပါတယ်။
“အဲဒီလို များပြားလာတာ မဟုတ်ပါဘူး။ မေးခွန်းကိုယ်တိုင်က မမှန်ပါဘူး။ ပြဿနာတွေ အားလုံးကို ဖြေရှင်းပြီးပါပြီ” လို့ ဝန်ကြီးချုပ် အနုတင်က ပြန်လည် ဖြေကြားခဲဲ့ပါတယ်။
Ref:khaosodenglish

