မော်လမြိုင်၊ စက်တင်ဘာ ၅
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင် ၁၇ ဦး အလင်းဝင်လာတယ်လို့ ဒီကနေ့ထုတ် စစ်တပ်ရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
အလင်းဝင်လာသူတွေမှာ PDF တပ်ဖွဲ့ဝင် အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး တစ်ဦး ပါဝင်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတာလို့ ဆိုပါတယ်။
အလင်းဝင်လာသူတွေဟာ သေနတ် ၉ လက်နဲ့ ဆက်စပ်ပစ္စည်းတချို့ ယူဆောင်လာတာကြောင့် ဆုငွေ ကျပ် ၂၇၃ သိန်းနဲ့ ဆုကြေးငွေတချို့ပါ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလင်းဝင်လာသူတွေကိုတော့ ခံဝန်ကတိလက်မှတ်ရေး ထိုးစေပြီး မိဘအုပ်ထိန်းသူတွေထံ စနစ်တကျပြန်လည် လွှဲပြောင်းအပ်နှံပေးခဲ့တယ်လို့ ဆိုထားပါတယ်။
အလင်းဝင်လာသူတွေဟာ ရန်ကုန်တိုင်းက ၆ ဦး၊ ပဲခူးတိုင်းနဲ့ကရင်ပြည်နယ်က ၃ ဦးစီ၊ မွန်ပြည်နယ်က ၂ ဦး၊ ရှမ်းပြည်နယ်၊ဧရာဝတီတိုင်းနဲ့ တနင်္သာတိုင်းက တစ်ဦးစီ ပါဝင်ပါတယ်လို့ ဖော်ပြထားပါတယ်။
မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ PDF တွေ စစ်တပ်ထံ အလင်းဝင်တာ မရှိကြောင်းနဲ့ အခုဖြစ်စဉ်ဟာ ဝါဒဖြန့်မှု သက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
PDF တွေ အလင်းဝင်တယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေဟာ တိုင်းစစ်ဌာနချုပ်အလိုက် လစဉ် ပြုလုပ်ရတဲ့ အစီအစဉ် တစ်ခုသာ ဖြစ်တယ်လို့ CDM အသိုင်းအဝိုင်းက ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

