ကျိုက်ထို၊ စက်တင်ဘာ ၅
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု လျော့ကျလာတဲ့ ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း အာဏာသိမ်း စစ်တပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်မှု ၁၀ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ပါတယ်။
ကျိုက်ထိုအခြေစိုက် တပ်ရင်းတွေကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတချို့ဟာ ဇီးပြောင်း ၆ ကျေးရွာနဲ့ ငှက်ပျောတောကျေးရွာတွေထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
စစ်တပ် လက်နက်ကြီးကြောင့် အသက် ၅ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး သေဆုံးပြီး အသက် ၁၀ နှစ်ကနေ ၄၅ နှစ်ကြားရှိ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်ကတော့ အာဏာသိမ်း စစ်တပ်ဟာ တိုက်ပွဲမရှိဘဲ အရပ်သား ပစ်မှတ်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုအတွင်း နေအိမ်၂ လုံးနဲ့ဒေသခံတွေရဲ့ဥယျာဉ်ခြံတွေအပါအဝင် သီးပင်စားပင်တွေလည်း ပျက်စီးမှုတွေ ရှိခဲ့ပြီး ဒေသခံပြည်သူတွေဟာလည်း စိုးရိမ်ကြောက်လန့်စိတ်နဲ့ ရှင်သန်နေထိုင်နေရပါတယ်။
စစ်တပ် လက်နက်ကြီး ပစ်ခတ်နေတဲ့ ကျေးရွာတွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ အုပ်ချုပ်နယ်မြေတွေ ဖြစ်ပြီး ကရင်လူမျိုးတွေ အများဆုံးနေထိုင်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

